ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေကို ပြီးခဲ့တဲ့ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၂၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့တယ်လို့ ဧရာဝတီတိုင်း ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားမှုဦးစီးဌာနဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၇ ရက်အတွင်း ငွေဆောင်ကမ်းခြေကို ပြည်တွင်း ခရီးသွားဧည့်သည် ၂၀,၃၈၅ ယောက်နဲ့ ပြည်ပခရီးသွားဧည့်သည် ၉၀၇ ယောက်၊ စုစုပေါင်း ၂၁,၂၉၂ ယောက် လာရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက “ငွေဆောင်ကမ်းခြေကို ပိတ်ရက်တွေမှာ ပြည်ပခရီးသွားတွေအနေနဲ့ ရှရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ကိုရီးယားနိုင်ငံက လာရောက်လည်ပတ်မှုများတယ်။ ပြည်တွင်းခရီးသွားတွေကတော့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက များတယ်” လို့ ပြောပါတယ်။
ငွေဆောင်ကမ်းခြေကို လာတဲ့သူတွေကို စစ်တပ်နဲ့ ရဲတွေအပြင် စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပုသိမ်ကိုးဆူစစ်ဆေးရေးဂိတ်ရေး ငွေဆောင်ကမ်းခြေ အဝင်အထွက်နေရာတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ခရီးသွားလုပ်ငန်း ရှင်တယောက်က “ဧရာဝတီတိုင်းနဲ့ ရန်ကုန်ကနေ လာတဲ့သူတွေပိုများခဲ့တယ်။ ညအိပ်လာတဲ့သူတွေလည်းရှိတယ်။ ဘောမိတိုက်ပွဲ ဖြစ်ပြီးကတည်းက ခြောက်ကပ်နေတဲ့ ကမ်းခြေတွေ အခုတော်တော်စည်ကားနေတယ်”လို့ ပြောပါတယ်။
ငွေဆောင်ကမ်းခြေကို အခုလို ရုံးပိတ်ရက်ရှည်ကာလတွေမှာ ခရီးသွားဧည့်သည် လာရောက်လည်ပတ်တာများပြားပြီး ပုံမှန် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာလည်း လာရောက်လည်ပတ်တာရှိတယ်လို့ ဆိုပါတယ်။
ငွေဆောင်ကမ်းခြေမှာ ငွေဆောင် Night Market၊ ငှက်ကျွန်း၊ လိပ်ကျွန်း၊ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ကျွန်းလျားရှည် စတဲ့ ကျွန်းတွေအပြင် ပုသိမ်-ငွေဆောင် ကားလမ်း ၁၉ မိုင်က ဆင်စခန်းနဲ့ ဘူးကွဲကျေးရွာနားက မိုးမခဆင်စခန်းတို့ကိုလည်း သွားရောက်လည်ပတ်နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ငွေဆောင်ကမ်းခြေကတဆင့် ဂေါ်ရန်ဂျီကျွန်း နဲ့ ချောင်းသာကမ်းခြေကိုလည်း Speed Boat နဲ့ နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်တာကြောင့် ခရီးသွားတွေအတွက် အဆင်ပြေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံမြို့ခွဲမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်လို့ ငွေဆောင်ကမ်းခြေအပါအဝင် ဧရာဝတီတိုင်းထဲက ကမ်းခြေတွေကို ခရီးသွားဧည့်သည်လာရောက်တာ မရှိသလောက်ဖြစ်ခဲ့ပြီး ဟိုတယ်တွေပါ ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။








