Home
နိုင်ငံတကာ
ကမ္ဘာ့လူအများဆုံး ရွှေ့ပြောင်းသွားလာ လည်ပတ်ကြသည့် တရုတ်နှစ်သစ်ကူးပွဲတော်ရက်
DVB
·
February 16, 2026
Photo: CCTV, CGTN

နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလ ရောက်ပြီဆိုရင် သန်းပေါင်းရာနဲ့ချီတဲ့ တရုတ်ပြည်သူတွေဟာ သူတို့ဇာတိမြေက မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံလေ့ ရှိကြပါတယ်။

အခုလိုမျိုး ရှည်လျားတဲ့ အားလပ်ရက်အတွင်း အလည်အပတ်ခရီးတွေပါ ထွက်ကြတဲ့အလျောက် ဒါဟာ ကမ္ဘာ့အကြီးမားဆုံးသော လူသားတွေရဲ့ ရွှေ့ပြောင်းသွားလာမှုလည်း ဖြစ်ပါတယ်။

ချွမ်းယွင် ဆိုပြီး သိထားကြတဲ့ နှစ်သစ်ကူးကာလ ခရီးသွားရာသီဟာ တရုတ်စီးပွားရေး အခြေအနေအပေါ် တိုင်းတာနိုင်တဲ့ ညွှန်းကိန်းအဖြစ် ရှုမြင်ထားကြသလို နိုင်ငံရဲ့ ဧရာမ သယ်ယူပို့ဆောင်ရေး စနစ်ကြီးအတွက်လည်း ဖိအားဒဏ်စမ်းသပ်မှု ဖြစ်လာခဲ့ပါတယ်။

အခုနှစ်ရဲ့  နှစ်သစ်ကူး ခရီးသွားရာသီဟာ ဖေဖော်ဝါရီ ၂ ရက်မှာ စတင်ခဲ့ပြီး ရက်ပေါင်း ၄၀ အထိ ကြာမြင့်မှာပါ။ နွေဦးပွဲတော်ကာလ အားလပ်ရက်ကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၃ ရက်နေ့အထိ တရားဝင် သတ်မှတ်ထားပါတယ်။

အဲဒီ ရက် ၄၀ ကြာ ကာလအတွင်း ပြည်တွင်းခရီးစဉ်ပေါင်း ၉ ဒသမ ၅ ဘီလီယံအထိ စံချိန်တင် မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသလို မနှစ်တုန်းကလည်း ၉ ဒသမ ၀၂ ဘီလီယံလောက် ရှိခဲ့တာကို တွေ့ရပါတယ်။

၂၀၂၃ နှစ်သစ်ကူးကာလ မတိုင်ခင် တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနဟာ အဓိကကျတဲ့ အဝေးပြေးလမ်းမကြီးတွေပေါ်က ကားနဲ့သွားလာတာမျိုးကိုပါ ထည့်သွင်းတွက်ချက်တဲ့အတွက် အခုလိုမျိုး ထိုးတက်လာခဲ့တာပါ။

ဖေဖော်ဝါရီ ၂ ရက်ကနေ ၁၀ ရက်အထိ တရုတ်ရထားလိုင်းတွေဟာ ခရီးသည်ဦးရေ ၁ ဘီလီယံကျော်ကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်အထိ ပထမတပတ်တာအတွင်း လေကြောင်းခရီးစဉ်ပေါင်း ၁၆ ဒသမ ၃၂ သန်း ရှိခဲ့တဲ့အပြင် ရက် ၄၀ ကြာ ကာလတခုလုံးအတွက် ဆိုရင်တော့ စုစုပေါင်း ၉၅ သန်းလောက် မြင့်တက်လာနိုင်ပါတယ်။

အဲဒီနောက် ပြည်တွင်းခရီးသွားတွေရဲ့ ရွေးချယ်မှုအရ အပူပိုင်းခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ တောင်ပိုင်းပြည်နယ် ဟိုင်နန်ကျွန်းနဲ့ နှင်းလျှောစီးဖို့ရာ အကောင်းဆုံးဖြစ်တဲ့ အရှေ့မြောက်ပိုင်း ချန်းဘိုင် တောင်ဆိုပြီး နှစ်မျိုးနှစ်စား ကွဲပြားနေပါတယ်။

အလားတူ ပြည်ပခရီးစဉ်အတွက် ဆိုရင်တော့ နွေရာသီကာလ ထိုင်းနဲ့ သြစတြေးလျလိုမျိုး နိုင်ငံတွေဟာ ရေပန်းစားနေပါတယ်။

၂၀၂၅ ဒီဇင်ဘာလကစပြီး တရုတ်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တဲ့ ရုရှားဟာလည်း လူကြိုက်များတဲ့စာရင်းထဲမှာ ထပ်တိုးပါဝင်လာခဲ့ပါတယ်။

၂ နိုင်ငံဆက်ဆံရေး တင်းမာနေတာကြောင့် တရုတ်ခရီးသည်တွေရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ ဂျပန်နိုင်ငံကိုတော့ သွားရောက်လည်ပတ်လိုသူ အရေအတွက်က သိသိသာသာ ကျဆင်းသွားပါတယ်။

ဒီနှစ်အတွက် အပိုအားလပ်ရက် ၁ ရက် ထပ်တိုးပေးထားပြီး စုစုပေါင်း ၉ ရက်အထိ ရှိလာတာကြောင့် ပြည်ပခရီးထွက်နှုန်း မြင့်တက်လာတယ်လို့လည်း သိရပါတယ်။

တချိန်တည်းမှာ တရုတ်က ဗီဇာကင်းလွတ်ခွင့် မူဝါဒကို ချဲ့ထွင်လိုက်တဲ့အတွက် ကမ္ဘာ့ ၄၅ နိုင်ငံနဲ့ အထက်ဟာ ဗီဇာမလိုဘဲ လာရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီထဲမှာပါဝင်တဲ့ နယူးဇီလန်၊ သြစတြေးလျနဲ့ ဥရောပနိုင်ငံ အများအပြားက ရောက်လာမဲ့ ခရီးသွားတွေကို ရက်ပေါင်း ၃၀ နေထိုင်ခွင့်ပြုထားတာ တွေ့ရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013