
ပြီးခဲ့တဲ့လတွေက ဒေသတွင်းတိုက်ပွဲတွေကြောင့် လာရောက်လည်ပတ်တဲ့သူ မရှိသလောက် နည်းပါးခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေကို အခုရက်ပိုင်းမှာ လာရောက်လည်ပတ် အပန်းဖြေတဲ့ ခရီးသွားဧည့်သည်တွေ ပြန်ရှိလာတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ရွှေသောင်ယံနဲ့ သာပေါင်းမြို့နယ်ဘက်ကမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေဖြစ်ခဲ့လို့ ချောင်းသာနဲ့ ငွေဆောင်မှာ ခရီးသွားဧည့်သည် လာရောက်လည်ပတ်သူမရှိသလောက်ဖြစ်ခဲ့ရာက အခု မတ်လဆန်းမှာတော့ ခရီးသွားဧည့်သည်တွေ ပြန်ဝင်လာတာလို့ သိရပါတယ်။
ချောင်းသာ ဟိုတယ်လုပ်ငန်းရှင်တယောက်က ''တိုက်ပွဲကြောင့် ခရီးသွားဧည့်သည် မရှိသလောက် ဖြစ်ခဲ့တာ။ အခုမတ်လ ပထမအပတ်လောက်ကတည်းက ခရီးသည်တွေ ပြန်ဝင်လာတာ။ မိသားစုလိုက်လာတဲ့ခရီးသွားတွေများတယ်။ အရင်အခြေအနေကိုတော့မမီသေးပါဘူး” လို့ ပြောပါတယ်။
လက်ရှိ ကမ်းခြေတွေမှာ စစ်ကောင်စီတပ်က လက်နက်အပြည့်နဲ့ လုံခြုံရေးယူထားသလို အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေကလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးတာနေပြီး လူငယ်အမျိုးသားတွေကို အဓိကထား စစ်ဆေးနေပါတယ်။
ဒေသခံ လုပ်ငန်းရှင်တယောက်က ''လာတဲ့သူတွေပြန်ရှိလာတယ်။ ခရီးသွားဧည့်သည်တွေများ လာတော့ ကောင်းတာပေါ့နော်။ ချောင်းသာကော၊ ငွေဆောင်ကော ခရီးသွားတွေလုံးဝမရှိ သလောက်ကို ဖြစ်ခဲ့တာ။ တိုက်ပွဲထပ်ဖြစ်မှာပဲစိုးရိမ်တာ။ တိုက်ပွဲတော့ကြောက်တယ်''လို့ ပြောပါတယ်။
လက်ရှိ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကိုလာရောက် လည်ပတ်တဲ့သူတွေအများစုဟာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းကဖြစ်ပြီး စနေနဲ့ တနင်္ဂနွေနေ့ ပိတ်ရက်တွေမှာ လာရောက်လည်ပတ်တဲ့သူ ပိုမိုများနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ သက်ဆိုင်ရာက လုပ်ငန်းလိုင်စင်ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံးရေ ၁၂၀ ရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသတွေမှာ ၄၆ လုံး၊ ငွေဆောင်မှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံမှာ ၃၉ လုံးရှိတယ်လို့ သိရပါတယ်။