
မြိတ်-ရန်ကုန်ကားလမ်းမကို ဖြတ်သန်းသွားလာတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေကို ငွေကျပ် သိန်းဂဏန်းဝန်းကျင်အထိ ပေးဆောင်နေရတာဟာ ခရီးစရိတ် ပိုမိုကုန်ကျပြီး ခက်ခဲလာတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
မြိတ်-ရန်ကုန်ကားလမ်းကြီးတလျှောက်မှာ စစ်ဆေးရေးဂိတ်ပေါင်း အနည်းဆုံးဂိတ် ၄ဝ လောက် ရှိတယ်လို့ သိရပြီး ဂိတ်တွေကို ကျပ် ၂၀၀၀ နဲ့အထက် ပေးဆောင်နေရတာကြောင့် ဂိတ်ကြေးသီးသန့်ကို အနည်းဆုံး ၅၀၀၀၀ လောက်ရှိပါတယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
“ခရီးသည်တယောက်က မှန်လုံကားနဲ့သွားမယ်ဆိုရင် စစ်တပ်ဂိတ်အတွက်ကို အနည်းဆုံး ၅၀၀၀၀ လောက်တော့ကုန်မယ်။ ရန်ကုန်ကနေဆင်းလာရင် သံဖြူဇရပ်ကနေစကောက်တယ် မြိတ်ထိကောက်တယ်၊ PDF ဂိတ်တွေက အလှူခံတာလောက်ပဲရှိတယ်။ မတောင်းဘူး။”
မြိတ်မြို့ကနေ စထွက်လာရင် မြို့ပြင်စစ်ဆေးရေးဂိတ်မှာ စကောက်ကာ မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့အထိကို ဂိတ်ကြေးအဆင့်ဆင့်ပေးဆောင်နေရပြီး အဲ့ဒီကနေ ကျော်လွန်ခဲ့ရင် ဂိတ်ကြေးကောက်ခံတာ မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဆေးရေးဂိတ်တွေမှာက ၆/ မှတ်ပုံတင်ကိုင်ဆောင်သူကလွဲပြီး တခြားနေရာဒေသကလာတဲ့ ခရီးသွားပြည်သူတွေကတော့ စစ်ဆေးရေးတင်းကျပ်တာခံရသလို ဂိတ်ကြေးတွေလည်း ပိုများတယ်လို့ ပြောပါတယ်။
မြိတ်-ရန်ကုန်ခရီးစဉ်ပြေးဆွဲတဲ့ ကားအမျိုးအစားပေါ်မူတည်ကာ လက်မှတ်ခစျေးနှုန်းက ကျပ် ၆၀၀၀၀ နဲ့ ၁၅၀၀၀၀ ကြားရှိနေပြီး စစ်ဆေးရေးဂိတ်တွေမှာပါ ဂိတ်ကြေးပေးဆောင်ရနေလို့ ခရီးသွားစရိတ်အတွက်ကို သိန်းနဲ့ချီပြီး ယူဆောင်သွားလာနေရတယ်လို့ ပြောပါတယ်။
ခရီးသွားပြည်သူတယောက်က “ခရီးသွားပြည်သူတွေတော့ စိတ်ညစ်တာပေါ့လေ၊ ခရီးသည်အနေနဲ့ဆို ကုန်ကျစရိတ်များတယ်။ တည်းခိုခန်းခ၊ စားသောက်စရိတ်တွေ၊ ကားလက်မှတ်ဖိုး ၆၀၀၀၀ ရှိတာ” လို့ ပြောပါတယ်။
အဆိုပါကားလမ်းပိုင်းတွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပြီး ရက်ရှည်ကားလမ်းပိတ်တဲ့ အခါမျိုးတွေမှာဆို တိုက်ပွဲကြား ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေမှာ နေထိုင်စားသောက် ဖို့အတွက် ခရီးစရိတ်ပိုကုန်ကျရတဲ့ အခြေအနေတွေလည်း ကြုံရလေ့ရှိပါတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။