ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ ငွေဆောင်ကမ်းခြေမှာ အဆိပ်ငါးပူတင်း ချက်စားမိတဲ့ သားအဖ ၂ ယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက် ညနေက ဟင်းစားရှာရမှာ ရရှိလာတဲ့ ငါးပူတင်းတွေကို ချက်စားရာမှ အသက် ၅၀ ခန့်အရွယ် အဖေနဲ့ ၁၆ နှစ်အရွယ် သားဖြစ်သူတို့ အဆိပ်သင့် သေဆုံးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “ဟင်းစားအတွက် ရှာလာတဲ့ငါးတွေထဲမှာပါတဲ့ ငါးပူတင်းတွေ ကို ချက်စားရာကနေ အဆိပ်သင့် သေဆုံးတာ။ ငါးပူတင်းဟင်းကို သားအဖ ၂ ယောက်စားပြီး မိနစ်အနည်းအငယ်ကြာမှာ အော့အန် သတိလစ်လဲကျပြီး သေဆုံးသွားတာ။ ငါးပူတင်းက အဆိပ်ပါတဲ့ ငါးပူတင်း အမျိုးအစားပါ” လို့ပြောပါတယ်။
သေဆုံးသူ အသားအဖ ၂ ယောက် ချက်စားတဲ့ ငါးပူတင်း အမျိုးအစားဟာ အဆိပ်ပါတဲ့ ငါးပူတင်း ဖြစ်ပြီး ချက်ပြုတ် စားသောက်တဲ့သူ နည်းတယ်လို့ ကျန်းမာရေးပညာရှင်တွေဆီက သိရပါတယ်။




