
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က မူလတန်းကျောင်းသား ၆၄ ယောက် အစာအဆိပ်သင့်ပြီး ဆေးရုံပို့ခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖုပ်ဖရမြို့နယ် ဘန့်ရူမ့်ထိုင်းရွာ မူလတန်းကျောင်းက အသက် ၆ နှစ်မှ ၁၀ နှစ်ရွယ် ကလေးငယ်တွေဟာ ဗိုက်နာ၊ ဗိုက်အောင့်ဝေဒနာ ခံစားရတာကြောင့် ကျေးရွာဆေးပေးခန်းက ရှေးဦးသူနာပြုစုပြီး နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေ ပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်ကို ပြောပါတယ်။
အဲဒီထဲက ကလေး ၁၉ ယောက်ကို ရွာနဲ့ ၁၉ ကီလိုမီတာဝေးတဲ့ ဖုပ်ဖရမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့လိုက်ရတယ်၊ ၁၂ ယောက်မှာ ဆေးရုံက ဆင်းရပြီဖြစ်ပြီး ၇ ယောက်ကတော့ အတွင်းလူနာအဖြစ် ကုသနေရဆဲလို့ ဆိုပါတယ်။
ကလေးတွေ အစာအဆိပ်သင့်ရတာနဲ့ ပတ်သက်လို့ ကနဦးမှာ ကျောင်းကကျွေးတဲ့ နေ့လယ်စာကို သံသယရှိတယ်၊ ဒါကြောင့် အစားအစာထဲ ပါဝင်ပစ္စည်းတွေကို ဓာတ်ခွဲစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၃ ရက်နေ့မှာ သတင်းထောက်က ကွင်းဆင်းမေးမြန်းရာမှာတော့ ရွာသူကြီးက ကျောင်းကကျွေးတဲ့ နေ့လယ်စာကြောင့် မဟုတ်ဘူး၊ အဲဒီထဲက ကလေး ၇ ယောက် တောထဲက မှိုစားမိပြီး အစာအဆိပ်သင့်တာ၊ အစက ကျောင်းမှာ အစာအဆိပ်သင့်ခဲ့တယ်ထင်လို့ စိတ်ပူပြီး ကလေးတွေကို ဆေးရုံမှာ ဆေးသွားစစ်ကြဖို့ ကြေညာခဲ့တယ်၊ ဒါကြောင့် စုပြုံပြီး ဆေးရုံရောက်သွားကြတာလို့ ပြောပါတယ်။
Source: Daily News / CH 7 TV News


