
မြန်မာပြည်တွင်းမှာ အလုပ်သမားအရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံရပြီးနောက် ခံဝန်နဲ့ ပြန်လွတ်လာတဲ့အခါ အလုပ်သမားအရေး ဆက်မလုပ်နိုင်အောင် စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေရှိနေပေမဲ့ အလုပ်သမားအရေးကိစ္စတွေ ဆက်လက် လုပ်ကိုင်နေကြပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်တပ်က ၂၀၂၁ ခုနှစ်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ၆ လကြာ ဖမ်းဆီးထောင်ချခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းမှာလည်း ဒေါ်မျိုးမျိုးအေး အပါအဝင် STUM အဖွဲ့ဝင် ၁၀ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒေါ်မျိုးမျိုးအေး အပါအဝင် ၁၀ ယောက်ကို ဝမ်ရှင့်သာ ခရီးသွားလာရေးပစ္စည်း ကုမ္ပဏီက ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၊ ၄၁ တို့နဲ့ သီးခြား စွဲဆိုခဲ့ပြီး၊ ၂၀၂၅ အောက်တိုဘာမှာ ဒေါ်မျိုးမျိုးအေး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက “ဟန့်တား နှောင့်ယှက်မှုတွေကြောင့် ကျမတို့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်၊ ကျမတို့က သမဂ္ဂကို သွေဖယ်သွားမယ်၊ မလုပ်တော့ဘူးဆိုရင် ကျမတို့က စတင်ပြီးတော့ သမဂ္ဂဖွဲ့ပါမယ်လို့ ကတိကဝတ် ပြုခဲ့တဲ့ အလုပ်သမားတွေအပေါ်မှာ ကျမတို့ သစ္စာဖောက်ရာ ကျမယ်။ ဒါကြောင့်မို့လို့ နောက်ဆုံး အချိန်ထိ ကျမတို့ သွားမယ်။ ဘယ်လို အနှောင့်ယှက်မျိုးမဆို ကျမတို့ ရင်ဆိုင်မယ်။ ရှေ့မှာ ကြုံလာမယ့် အခက်အခဲတွေကိုလည်း ကျမတို့ ရင်ဆိုင်သွားရမှာပဲ။ ဒါကို ရှောင်လွဲလို့ မရဘူး။ ဘာလို့လဲဆိုတော့ ကျမက ဒီနိုင်ငံမှာ နေနေသေးတဲ့အတွက် ဒီနိုင်ငံမှာ ဖြစ်ပျက် ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေ၊ နိုင်ငံရေး ရေစီးကြောင်းအရ ကျမ အထဲကို ဝင်လိုက်၊ အပြင်ကို ပြန်ထွက်လိုက်၊ ထိန်းသိမ်းခံထားရလိုက်၊ ခံဝန်အနေနဲ့ ထားလိုက်၊ ဒါမျိုးတွေကတော့ ကျမ ရှေ့ဆက် အများကြီး ကြုံနေရဦးမှာပဲ”လို့ ပြောပါတယ်။
STUM အဖွဲ့သားတွေကို တရားရုံးက လွှတ်ပေးဖို့ အမိန့်ချထားပြီးဖြစ်ပေမဲ့ ဖမ်းဆီးစဉ် သိမ်းဆည်းခဲ့တဲ့ သက်သေခံ ပစ္စည်းတွေအတွက် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
ခံဝန်နဲ့ ပြန်လွတ်လာပေမဲ့ အလုပ်သမားအရေး ဆက်မလုပ်နိုင်အောင် ဖိအားပေး ခြိမ်းခြောက်တာ၊ စောင့်ကြည့် ဟန့်တားတာတွေ ကြုံနေရပြီး အကျပ်အတည်းတွေကြားကနေ ဆက်ကူညီပေးနေ တယ်လို့ ပြန်လွတ်လာတဲ့ STUM အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ကျနော်တို့ကတော့ ဘာဆက်လုပ်သွားမလဲဆိုတော့ လက်ရှိကတော့ တတ်နိုင်စွမ်းသရွေ့ အခြေခံ လူတန်းစား အလုပ်သမားတွေအပေါ် ဆက်လက် ကူညီပေးသွားဖို့ စဉ်းစားထားတယ်။ ဒီကိစ္စက တခါတည်းနဲ့ အမြစ်ပြတ်သွားမဲ့ ကိစ္စ မဟုတ်ဘူးလေ။ အမြဲတမ်း ဖြစ်ပေါ်နေတဲ့ ပြဿနာ၊ အလုပ်သမားတွေက အမြဲတမ်း ဖိနှိပ်ခံနေရတာ ဖြစ်တဲ့အတွက် ကျနော်တို့က တတ်နိုင်စွမ်း ရှိသလောက် ကူညီပေးသွားဖို့တော့ ဆက်ပြီး စဉ်းစားထားတယ်။ ဒါပေမဲ့ ကျနော်တို့က လက်ရှိမှာ ခြေချုပ်နဲ့ အချိန်မရွေး ထောင်ထဲ ပြန်ထည့်သွင်းနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း စဉ်းစားနေရပါတယ်။”
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့အတူ အလုပ်သမားအရေး လှုပ်ရှားသူတွေဖြစ်တဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နဲ့ မသက်ထားဆွေတို့ဟာ ၂၀၂၅ အောက်တိုဘာလအတွင်း ပြန်လည် လွတ်မြောက်လာခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ မတရား ဖမ်းဆီးခံထားရတဲ့ အလုပ်သမားသမဂ္ဂဝင်တွေ အယောက် ၃၀၀ နီးပါး ရှိပြီး၊ တချို့ဆိုရင် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
ဇွဲသစ်


