
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အင်းစိန်ထောင်ကနေ စစ်ကောင်စီက ပြန်လွှတ်လိုက်ပေမဲ့ တရားဆက်ပြီးရင်ဆိုင်နေရတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေါ်မျိုးမျိုးအေး အနေနဲ့ မူလစွဲဆိုထားတဲ့အမှုတွေကို ပြန်လည်ရုပ်သိမ်းတဲ့ အမိန့်ကြောင့် အင်းစိန် အကျဉ်းထောင် အချုပ်ခန်းကနေ လွတ်မြောက်လာပေမဲ့ အောက်တိုဘာ ၂၃ ရက်မှာ ရွှေပြည်သာမြို့နယ် တရားရုံးကနေ တရားဆက်လက်ရင်ဆိုင်ရတဲ့အပြင် တရားသူကြီးက ခံဝန်ပေးဖို့အတွက် လိုအပ်တာတွေ မှာကြားခဲ့တယ်လို့ STUM က ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်တရားရုံး၊ တရားသူကြီးက ရုံးချိန်းမတိုင်ခင် STUM ခံဝန်အတွက် အာမခံပေးမယ့်သူ ၂ ယောက်နဲ့ ငွေကျပ် သိန်း ၃၀ ကို ယူလာဖို့နဲ့ ပျက်ကွက်ရင် ထောင်ဒဏ်ချမယ်လို့ မှာကြားပြီးနောက် အောက်တိုဘာ ၂၄ ရက်မှာ ရုံးချိန်း ချိန်းဆိုလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီရုံးချိန်းမှာ STUM ဘက်က သင်းဖွဲ့မှတ်ပုံတင်အမှုအတွက် အာမခံ လျှောက်လဲချက်ကို နှုတ်နဲ့ ဒါမှမဟုတ် စာနဲ့ တင်သွင်းမှာဖြစ်ပြီး ဒေါ်မျိုးမျိုးအေးရဲ့ ခံဝန်မှုအပေါ် အမိန့်ချမှတ်မယ်လို့ ဆိုပါတယ်။
မူလက ဒေါ်မျိုးမျိုးအေး အပါအဝင် STUM အဖွဲ့ဝင်တွေကို စွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၃ ရက်မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းမှာတော့ သင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄၀၊ ၄၁ အမှုအတွက် တရားလိုရဲ့ ရုပ်သိမ်းလွှာကို တရားရုံးဆီတင်သွင်းရာမှာ ဒေါ်မျိုးမျိုးအေး တယောက်တည်းကိုပဲ ရုပ်သိမ်းတာဖြစ်ပါတယ်။
ကျန် ၉ ယောက်ကတော့ အချုပ်သားအဖြစ်နဲ့ တရားရင်ဆိုင်ရမှာလို့ ဖော်ပြထားတယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးဟာ အလုပ်သမားအရေး လှုပ်ရှားသူတွေဖြစ်တဲ့ ထောင်ဒဏ် ချခံထားရတဲ့ ကိုသက်နှင်းအောင်၊ မသက်ထားဆွေတို့နဲ့အတူ အောက်တိုဘာ ၂၀ ရက်မှာ စစ်ကောင်စီအမိန့်နဲ့ စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ရုပ်သိမ်းလိုက်ပြီး လွတ်မြောက်လာတာ ဖြစ်ပါတယ်။


