Home
မြန်မာသတင်း
နိုင်ငံတကာ ဖိအားလျော့ကျရန် အလုပ်သမားအရေးလှုပ်ရှားသူအချို့ကို ပြန်လွှတ်ပေး 
DVB
·
October 21, 2025

အကျဉ်းချခံထားရတဲ့ ထင်ရှားတဲ့ အလုပ်သမားအရေးလှုပ်ရှားသူတချို့ကို စစ်ကောင်စီက  ပြန်လွှတ်ပေးလိုက်တာက နိုင်ငံတကာရဲ့ ဖိအားနဲ့ အရေးယူမူတွေကို လျော့အောင် အသုံးချတာ ဖြစ်နိုင်တယ်လို့ ပြည်တွင်းအလုပ်သမားအရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်ပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်၊ အလုပ်သမားအရေးလူပ်ရှားသူ မသက်ထားဆွေနဲ့ ချုပ်နှောင်ခံထားရပြီး တရားရင်ဆိုင်နေရတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ (STUM)ရဲ့  ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးတို့ကို အောက်တိုဘာ ၂၀ ရက်မှာ ပြန်လွှတ်ပေးလိုက်တာပါ။

ပြန်လွတ်လာသူတွေဟာ မြန်မာပြည်တွင်းအလုပ်သမားအရေးလူပ်ရှားဆောင်ရွက်မှုတွေနဲ့ လူသိများ ထင်ရှားသူတွေဖြစ်သလို နိုင်ငံတကာလုပ်သမားအဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အစဥ်တစိုက် တောင်းဆိုထားသူတွေလည်း ဖြစ်ပါတယ်။

အလုပ်သမားကိုယ်စားပြု ခုံကောင်စီအဖွဲ့ဝင်ဟောင်းတယောက်က “အလုပ်သမားအရေးကိစ္စနဲ့ နိုင်ငံတကာက အရေးယူမယ့် ဖိအားတွေကို စစ်အုပ်စုက တပတ်ရိုက်ရှောင်ထွက်လို့ရ အောင်လုပ်တာလို့ မြင်တယ်။ သူတို့ စိတ်စေတနာမှန်ရင် အရင်ကတည်းက ပြန်လွှတ်ပေးလို့ရတယ်၊ မတရားပုဒ်မတွေ တပ်ပြီးဖမ်းစရာလည်း မလိုဘူး"လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှု မလုပ်ဆိုတဲ့ ပြဋ္ဌာန်းချက် ၂ ရပ်ကို ချိုးဖောက်ကျူးလွန်တာရှိလို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)  က ပုဒ်မ ၃၃ အရ အလုံးစုံပိတ်ဆို့အရေးယူနိုင်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ ဇွန် ၅ ရက်မှာ ဆုံးဖြတ်ထား ပါတယ်။

အဲဒီလို အရေးယူဖို့ ဆုံးဖြတ်ချက်မချခင် ILO ရဲ့ မြန်မာနိုင်ငံအတွက် ဖွဲ့ထားတဲ့ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က စစ်ကောင်စီကို ပြင်ဆင်လိုက်နာဖို့ ပြောထားတဲ့ အကြံပြုချက်ထဲမှာ မတရားဖမ်းဆီးထားတဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးရမယ် ဆိုတဲ့ အချက်ပါဝင်ခဲ့ ပါတယ်။

စစ်ကောင်စီအနေနဲ့ COI ရဲ့ အကြံပြုချက်ကို လိုက်နာတာမရှိခဲ့တာကြောင့် ပုဒ်မ ၃၃  အတိုင်းကျင့်သုံးဖို့ ILO က ဆုံးဖြတ်လိုက်ပြီး အရေးယူမှုတွေ လက်တွေ့အကောင်အထည် ဖော်လာချိန်မှာ ထင်ရှားတဲ့အလုပ်သမားအရေးလူပ်ရှားသူ ၃ ယောက်ကို လွှတ်ပေး လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးပြီး မတရားပုဒ်မတပ်ကာ ထောင်ချခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေ ရာချီရှိပြီး အဲဒီသူတွေမှာဆက်ပြီးထိန်းသိမ်းခံထားရဆဲလို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက်က ပြောပါတယ်။

"စိတ်စေတနာအမှန်ဆိုရင် အားလုံးကို ပြန်လွှတ်ပေးရမှာလေ။ စစ်အုပ်စုက ဘယ်တုန်းကမှ မရိုးဖြောင့်ခဲ့ဘူး။ အခုလည်း နိုင်ငံတကာဖိအားတွေကြောင့်သာ မလွှဲသာ၊ မရှောင်သာမို့လို့ ခေါင်းဆောင်ပိုင်းတွေကို အလွှတ်ပြတာ။” 

စစ်ကောင်စီက  STUM  ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို တရားစွဲထားတဲ့ အမှုတွေ ရုပ်သိမ်းပြီး ပြန်လွှတ်လိုက်ပေမဲ့ သူနဲ့အတူတရားစွဲဆိုခံထားရတဲ့ ကျန်အဖွဲ့သား ၉ ယောက်ကိုတော့ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းအထိ ထိန်းသိမ်းခံထားရဆဲပဲလို့  အဲဒီအဖွဲ့နဲ့နီးစပ်သူတွေ ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013