
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတချို့ ဒီကနေ့ အောက်တိုဘာ ၂၀ ရက် ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ STUM က ထုတ်ပြန်ပါတယ်။
ဒေါ်မျိုးမျိုးအေးနဲ့အတူ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေဖြစ်တဲ့ ကိုသက်နှင်းအောင်နဲ့ မသက်ထားဆွေတို့လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။
ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူတွေကို အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီခွဲမှာ ဒုသမ္မတအမိန့်နဲ့ လက်ရှိ စွဲဆိုထားတဲ့ အမှုအားလုံးကို ရုပ်သိမ်းကြောင်း ဖတ်ပြပြီးအ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ STUM ကထုတ်ပြန်ထားပါတယ်။
ဒေါ်မျိုးမျိုးအေးမှာ နေအိမ်ကို ပြန်လည်ရောက်ပြီလို့ ကနဦးသိရပြီး ဖမ်းဆီးထောင်ချခံ ထားရတဲ့အလုပ်သမားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုသက်နှင်းအောင်နဲ့ မသက်ထားဆွေတို့လည်း ပြန်လွတ်တဲ့အထဲပါတယ်လို့လည်း STUM က ဆိုပါတယ်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမားသမဂ္ဂများအဖွဲ့ ချုပ် (MICS-TUsF)ရဲ့ တာဝန်ရှိသူ တယောက်က သူတို့အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်း အောင်အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။
"ရဲစခန်းက ဖုန်းနဲ့ မိသားစုဆီလှမ်းဆက်တယ်လို့သိရတယ်။ အခြေအနေအတိအကျသိရအောင် ကျနော်တို့ ရှေ့ နေကို လွှတ်ထားတယ်ဗျ"
ဒါပေမဲ့ ဒေါ်မျိုးမျိုးအေးနဲ့အတူ ဖမ်းဆီးခံရတဲ့ STUM ဝန်ထမ်း ၉ ယောက်ကိုတော့ အကျဉ်းထောင်ထဲမှာ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားပြီး တဆက်တည်းမှာပဲ STUM ရုံးဝန်ထမ်း ၉ ယောက်ကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။




