
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နဲ့ ရုံးအဖွဲ့ဝင်တွေကို တရားစွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၂ ရက်မှာ ကြားနာခဲ့ပြီး အမိန့်မချသေးဘဲ ရုံးချိန်းထပ်ခေါ်ထားတယ်လို့ အဲဒီအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
ရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတဲ့ ခြေချုပ်နှင့် ခံဝန်အမှုအတွက် တရားလိုပြ သက်သေတွေကို ဆက်လက် စစ်ဆေးကြားနာခဲ့တယ်လို့ STUM က ဆိုပါတယ်။
နောက်ထပ်တရားစွဲထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင် အမှုအပေါ် ရုံးတော်က မှုခင်းစီမံခန့်ခွဲမှု (CMP) ပြုလုပ်ပြီး နောက်ရုံးချိန်းမှာ တရားလိုကို စစ်ဆေးဖို့အတွက် စက်တင်ဘာ ၂၉ ရက်ကို ချိန်းဆိုလိုက်တယ်လို့ STUM ရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို တရားစွဲဆိုထားတာတွေနဲ့ပတ်သက်လို့ အာမခံလျှောက်ထားခဲ့ပေမဲ့ တရားရုံးက လက်မခံတာကြောင့် ဆက်ပြီးချုပ်နှောင်ထိန်းသိမ်းခံထားရတာလို့ STUM နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“နိုင်ငံရေးပြစ်မှု မဟုတ်သလို ရာဇဝတ်မူလည်း မဟုတ်တာကို အာမခံပေးပြီး အမှုရင်ဆိုင်ခိုင်းလို့ရလျက်နဲ့ တမင်ချုပ်ထားတဲ့သဘောဖြစ်နေတာ။”
စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်က နေအိမ်ကနေ ဖမ်းဆီးသွားပြီးနောက် သမီးဖြစ်သူနဲ့ရုံးအဖွဲ့ဝင် ၉ ယောက်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
သူတို့ကို စစ်ကြောရေးမှာ ရက်အတန်ကြာစစ်ဆေးခဲ့ပြီးနောက်မှာ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ ပြစ်မှု တစုံတရာရှိမနေလို့ ပြန်လွှဲပေးခဲ့ပေမဲ့ လွှတ်မပေးဘဲ ၁၉၆၁၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုအတွက် တရားရင်ဆိုင်နေချိန်မှာပဲ သာဓုကန်စက်မှုဇုန်မှ WANXINDA ကုမ္ပဏီ မန်နေဂျာ ဦးသီဟနိုင်က တရားလိုလုပ်ပြီး ဒေါ်မျိုးမျိုးအေး အပါအဝင် ၁၀ ယောက်ကို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ နဲ့ ၁၅ ထပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။