
အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးဟာ ဖမ်းဆီးခံရပြီး တလကျော်ကြာတဲ့အထိ အာမခံမရသေးဘဲ အင်းစိန်ထောင်မှာ ဆက်ပြီးဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ STUM ကနေ သိရပါတယ်။
ဒေါ်မျိုးမျိုးအေးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ စစ်ကောင်စီတပ်က နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကြောရေးကနေ ပြန်လွှတ်လိုက်ပြီးနောက် ရွှေပြည်သာမြို့နယ်ရဲစခန်းက ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နဲ့ ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁)(စ)(ဆ) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ဒေါ်မျိုးမျိုးအေးကို စက်တင်ဘာ ၁ ရက်က ရုံးထုတ်ခဲ့ကာ အာမခံလျှောက်လဲချက် ကြားနာခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားတယ်လို့ STUM က ထုတ်ပြန်ပါတယ်။
ဒေါ်မျိုးမျိုးအေးအနေနဲ့ အကျဉ်းထောင်တွင်းရှိနေချိန်မှာ ဆီးချိုဆေးရရှိပေမဲ့ နေ့စဉ် ဆီးချိုစစ်ဆေးခွင့် ရသလို သွားအခြေအနေ ဆိုးဝါးစွာ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်က ဒေါ်မျိုးမျိုးအေးအပြင် သူ့ရဲ့ သမီးဖြစ်သူ မသင်းထက်စံနဲ့ STUM ရုံးက ဝန်ထမ်း ၈ ယောက်တို့ကိုလည်း ဖမ်းဆီးထားပြီး ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နဲ့ ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်မျိုးမျိုးအေး အပါအဝင်သူ့ရဲ့ အဖွဲ့ဝင်တွေကို လာမယ့် စက်တင်ဘာ ၈ ရက်ရုံးချိန်းမှာ အာမခံပေးသင့်၊ မပေးသင့် အမိန့်ချမှာဖြစ်တယ်လို့လည်း STUM က အသိပေး ထုတ်ပြန်ထားတာပါ။
အကြောင်းမဲ့ ဖမ်းဆီးထားတဲ့ အလုပ်သမားအရေး ကူညီနေသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။