
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် ဖမ်းဆီးခံထားရသူ ၈ ယောက်ရဲ့ အာမခံလျှောက်ထားချက်ကို ရွှေပြည်သာမြို့နယ်တရားရုံးက ပလပ်လိုက်တယ်လို့ အဲဒီအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
ဒေါ်မျိုးမျိုးအေးနဲ့ STUM ရုံးအဖွဲ့ဝင် ၇ ယောက်တို့ကို စက်တင်ဘာ ၈ ရက်က ရုံးထုတ်ခဲ့ရာ တယောက်ချင်းရဲ့ သီးခြား တမှုစီ အာမခံလျှောက်ထားမှုအပေါ် လျှောက်လဲချက် ကြားနာပြီး ရွှေပြည်သာမြို့နယ် တရားရုံး၊ ရုံးထိုင်တရားသူကြီးက ပလပ်ကြောင်း အမိန့်ချမှတ်ပြီး အမှုကို စစ်ဆေး ကြားနာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁၅ ရက်မှာ တရားလိုပြသက်သေတွေကို စစ်ဆေးဖို့ ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။
STUM အဖွဲ့နဲ့ နီးစပ်သူတယောက်က “အာမခံပေးလို့ ရရဲ့သားနဲ့ မပေးတာ။ ဒေါ်မျိုးမျိုးအေးရဲ့ ကျန်းမာရေးအတွက်လည်း စိတ်ပူရတယ်” လို့ ပြောပါတယ်။
STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကြောရေးက ပြန်လွှတ်လိုက်ပြီးနောက် ရွှေပြည်သာမြို့နယ် ရဲစခန်းကနေ ပြစ်မူကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁) (စ) (ဆ) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်မျိုးမျိုးအေးရဲ့ သမီးဖြစ်သူ မသင်းထက်စံနဲ့ STUM ရုံးက ဝန်ထမ်း ၈ ယောက်တို့ကိုလည်း ဖမ်းဆီးထားပြီး အလားတူပုဒ်မနဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။
ဒေါ်မျိုးမျိုးအေးကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး အကျဉ်းထောင်တွင်း ရှိနေချိန်မှာ ဆီးချိုဆေး ရရှိပေမဲ့ နေ့စဉ် ဆီးချိုစစ်ဆေးခွင့် မရသလို သွားအခြေအနေ ဆိုးဝါးစွာ ဖြစ်နေတယ်လို့လည်း STUM က အသိပေးထားပါတယ်။