
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နဲ့ အဖွဲ့ဝင် ၉ ယောက်ကို အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ နဲ့ အမှုထပ်ဖွင့်ကာ စက်တင်ဘာ ၁၅ ရက်မှာ ရုံးတင်ကြားနာခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေါ်မျိုးမျိုးအေး နဲ့ အဖွဲ့ကို သာဓုကန်စက်မှုဇုန်မှလုပ်ငန်းရှင် ဦးသီဟနိုင်က အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၊ ၄၁ တို့နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
သူတို့ကို စက်တင်ဘာ ၁၅ မှာ မူလတရားစွဲဆိုထားတဲ့ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) အမှုအတွက် တရားလိုပြသက်သေကို ရွှေပြည်သာမြို့နယ်တရားရုံးက ဆက်လက်စစ်ဆေးခဲ့ပြီးနောက် ဦးသီဟနိုင် အမှုဖွင့်ထားတဲ့ အသင်းဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ အတွက် ရုံးတင်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာ ဆက်လက်ကြားနာဖို့ ရုံးချိန်းပေးလိုက်တယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။
STUM နဲ့ နီးစပ်သူတယောက်က “မတရားအမှု ဆင်ခံရတာလို့ပဲ မြင်တယ်။ အမြန်ဆုံးလွှတ်ပေးဖို့ပဲ မျှော်လင့်တယ်” လို့ ပြောပါတယ်။
STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကြောရေးက ပြန်လွှတ်လိုက်ပြီးနောက် ရွှေပြည်သာမြို့နယ်ရဲစခန်းကနေ ပြစ်မူကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) နဲ့ ကနဦး အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်မျိုးမျိုးအေး ရဲ့ သမီးဖြစ်သူ မသင်းထက်စံ နဲ့ STUM ရုံးမှ ဝန်ထမ်း ၈ ယောက်တို့လည်း ဖမ်းဆီးခံထားရပြီး အလားတူပုဒ်မ နဲ့ အမှုဖွင့်ခံထားရကာ အဲဒီအမှုအတွက် အာမခံလျှောက်ထားခဲ့ပေမဲ့ တရားရုံးက ပလပ်ခဲ့ပါတယ်။
ဒေါ်မျိုးမျိုးအေးကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး အကျဉ်းထောင်တွင်းရှိနေချိန်မှာ ဆီးချိုဆေးရရှိပေမဲ့ နေ့စဉ် ဆီးချိုစစ်ဆေးခွင့်မရသလို သွားအခြေအနေ ဆိုးဝါးစွာ ခံစားနေရတယ်လို့ STUM က အသိပေးထားပါတယ်။