
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အင်းစိန်ထောင်မှာ လုံလောက်တဲ့ ဆေးဝါးမရလို့ ကျန်းမာရေးထိခိုက်နေတယ်လို့ အဲဒီအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေါ်မျိုးမျိုးအေးမှာ မူလကတည်းက သွေးတိုးနဲ့ ဆီးချိုရောဂါ ခံစားနေရသူဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ရောဂါအခြေအနေ ပိုဆိုးလာသလို အာသီးရောင်တဲ့ဝေဒနာ ထပ်ခံစားနေရတယ်လို့ ဆိုပါတယ်။
STUM အဖွဲ့နဲ့ နီးစပ်သူတယောက်က “သူ့ကို HIV လူနာနဲ့ တခန်းတည်းထားထားတယ်။ အောက်က သမံတလင်းကြောင့်လည်း ကျန်းမာရေးမကောင်းဘူးလို့ ပြောတယ်။ ဆီးချိုတိုင်းစက် မသုံးရလို့ စစ်မရဘူး။ ဆီးချိုစစ်မရတော့ တခြား ဘာဆေးမှ သောက်မရဘူး” လို့ ပြောတယ်။
ဒါ့အပြင် ဒေါ်မျိုးမျိုးအေးနဲ့အတူ ဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူ မသင်းထက်စံလည်း အံဆုံးသွား နာကျင်တဲ့ဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားပြီး တဆက်တည်းမှာပဲ STUM ရုံးဝန်ထမ်း ၉ ယောက်ကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို အလုပ်သမားအရေး ဆောင်ရွက်ရာမှာ နိုင်ငံခြားငွေ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကြောရေးမှာ စစ်ဆေးရာ ပြစ်မှုမပေါ်ပေါက်တာကြောင့် ပြန်လွှဲပြောင်းခဲ့ပေမဲ့ လွှတ်မပေးခဲ့ဘဲ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေကနေ ပြစ်မူကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) တို့နဲ့ အမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် သာဓုကန်စက်မှုဇုန်ရှိ ဝမ်ရှင့်သာ ခရီးသွားကုမ္ပဏီရဲ့ မန်နေဂျာ ဦးသီဟနိုင်က စက်တင်ဘာ ၁၅ ရက်မှာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့နဲ့ ထပ်ပြီး တရားစွဲဆိုခဲ့တယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။
ရွှေပြည်သာမြို့နယ်တရားရုံးမှာ ခြေချုပ်နဲ့ ခံဝန်အမှုအတွက် စက်တင်ဘာ ၂၉ ရက်က ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေး ကြားနာခဲ့သလို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ အမှုနဲ့ပတ်သက်လို့ တရားလိုကို စစ်ဆေးပြီး အဓိကထွက်ချက် မပြီးသေးလို့ နောက်ရုံးချိန်းအဖြစ် အောက်တိုဘာ ၁၃ ရက်ကို ချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။