Home
မြန်မာသတင်း
အလုပ်သမားများကို အပိုထောက်ပံ့ကြေး ပေး၊ မပေး ကွင်းဆင်းစစ်ဆေးမည်
DVB
·
October 21, 2025

စက်ရုံ၊ အလုပ်ရုံနဲ့ တခြားလုပ်ငန်းတွေက အလုပ်သမားတွေကို အပိုထောက်ပံ့ကြေး ပေး၊ မပေးကို ကွင်းဆင်းစစ်ဆေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

စက်ရုံနဲ့လုပ်ငန်းတချို့က အပိုထောက်ပံ့ကြေးကို လိုက်နာပေးချေဖို့ ပျက်ကွက်တာ၊ အလုပ်ပိတ်ရက်တွေနဲ့ အချိန်ပိုကြေးတွက်ရာမှာ အငြင်းပွားဖွယ်ဖြစ်ပေါ်နိုင်တယ်လို့ DVB သတင်းဌာနက အောက်တိုဘာ ၁၅ ရက်မှာ ရေးသားဖော်ပြခဲ့တဲ့ သတင်းကို ရည်ညွှန်းပြီး စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက အသိပေးချက်ထုတ်တာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို အထောက်အကူပြုဖို့ ရည်ရွယ်ပြီး အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုတာဖြစ်လို့ စက်ရုံ၊ အလုပ်ရုံတွေနဲ့ လုပ်ငန်းအားလုံးမှ စနစ်တကျ လိုက်နာဆောင်ရွက်စေဖို့အတွက် အလုပ်သမားဝန်ကြီးဌာနရဲ့ စစ်ဆေးရေး အရာရှိတွေက ကွင်းဆင်းစစ်ဆေး ကြပ်မတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ အပိုထောက်ပံ့ကြေး မရရင် နီးစပ်ရာ အလုပ်သမားဌာနတွေဆီ အချိန်နဲ့တပြေးညီ တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။

စက်ရုံတချို့က ထောက်ပံ့ကြေးပေးဖို့ အရင်သတ်မှတ်ခဲ့ချိန်ကတည်းက လိုက်နာဖို့ ပျက်ကွက်တာတွေ ရှိခဲ့ပြီး သက်ဆိုင်ရာ အလုပ်သမားရုံးတွေကလည်း စည်းကြပ်စစ်ဆေးတာ မရှိခဲ့တဲ့အတွက် အခုလို စစ်ဆေးမယ်လို့ ပြောလာတဲ့အပေါ် လက်ခံ ယုံကြည်မှုရှိမနေဘူးလို့ ပြည်တွင်းအလုပ်သမားအရေး ကူညီနေသူတယောက်က ပြောပါတယ်။

“ကွင်းဆင်းစစ်လည်း အလုပ်ရှင်နဲ့ပေါင်းပြီး အားလုံး အဆင်ပြေပါတယ်ဆိုတာနဲ့ ပြီးသွားမှာ။ ရှေ့မှာလည်း အကြိမ်ကြိမ် မြင်ခဲ့ရပြီးပြီ၊ အခု သူတို့ ကြေညာတယ်ဆိုတာကလည်း လူကြားကောင်းအောင် သက်သက်ဆိုတာ အလုပ်သမားတွေက သိတယ်။”

စစ်ကောင်စီရဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားတွေကို အပိုထောက်ပံ့ကြေး တရက် ကျပ် ၁၀၀၀ တိုးပေးဖို့ အောက်တိုဘာ ၁၄ ရက်မှာ  အမိန့်ကြေညာချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ပုဂ္ဂလိကကဏ္ဍရှိ အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား ခွဲခြားတာမရှိဘဲ မူလ ပေးနေတဲ့ အပိုထောက်ပံ့ကြေး ၂,၀၀၀ ကျပ်အပြင် နောက် ၁,၀၀၀ ကျပ်ကို  အလုပ်လုပ်တဲ့ ရက်တွေနဲ့ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်အက်ဥပဒေအရ ထပ်ဆောင်းပေးရမယ်လို့ အဲဒီအမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက နိုင်ငံဝန်ထမ်း (Non CDM) တွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ၂၀၂၃ အောက်တိုဘာ၊ ၂၀၂၄ သြဂုတ်နဲ့ ၂၀၂၅  အောက်တိုဘာလတို့မှာ အပိုထောက်ပံ့ကြေးတလ  ၃၀,၀၀၀ ကျပ်စီ တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ပုဂ္ဂလိကကဏ္ဍက အလုပ်သမားတွေကိုတော့ ထောက်ပံ့ကြေးဆိုကာ အနည်းဆုံးအခကြေး ငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက တရက် ၁၀၀၀ ကျပ် သတ်မှတ်ပေးတာဖြစ်ပြီး အလုပ်သမားတွေက အနည်းဆုံးအခကြေးငွေ ခေါင်းစဥ်အောက် တပါတည်း သတ်မှတ်ပေးဖို့ လိုလားနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013