
ဘိန်းစိုက်ပျိုးစရိတ်တွေ မြင့်တက်လာပြီး ဘိန်းစိမ်းဈေးတွေ ကျဆင်းလာတာကြောင့် တခြားဝင်ငွေရသီးနှံ မရှိတဲ့ တောင်သူတွေဟာ မငတ်ရုံတမယ် စားသောက် နေထိုင်လာကြရတယ်လို့ သိရပါတယ်။
ဘိန်းစိုက်ပျိုးစရိတ်နဲ့ အထွေထွေကုန်ဈေးနှုန်းက တရိပ်ရိပ် မြင့်တက်နေပေမဲ့ ဘိန်းစိမ်းဈေးတွေက တနှစ်ထက်တနှစ် ကျဆင်းလာသလို ဘိန်းစိမ်းပေါ်ချိန်မှာ ဝယ်သူလည်းနည်းလာတာကြောင့် ဘိန်းစိုက်တောင်သူတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် မဲနယ်တောင်ဒေသမှာ ဘိန်းစိုက်ပျိုးသူ တောင်သူတယောက်က ပြောပါတယ်။
“ဘယ်လိုလုပ်အဆင်ပြေမတုန်း။ တခြားအစားထိုးစရာမှ မရှိသေးတာ။ တဧကဆိုလို့ရှိရင် အများကြီးကုန်တယ်နော်။ တဧကကို ကျပ် သိန်း ၂၀ မကဘူး ကုန်တာ။ အစိတ်လောက်ကုန်တာ။ အဲဒါမှ လေးပိဿာ၊ ငါးပိဿာလောက်ပဲ ထွက်မှာ။ ဟိုဟာနည်းနည်း ဒီဟာနည်းနည်းတော့ ရှိကြပါတယ်။ မငတ်ရုံတမယ်ပေါ့။”
ဟိုပုံးမြို့နယ်ထဲရှိ မဲနယ်တောင်တန်းဒေသဟာ ရေမြေအနေအထားနဲ့ စားဖိုဆောင်သီးနှံတွေကို စီးပွားဖြစ်စိုက်ပျိုးဖို့ လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲကြတဲ့အတွက် အရင်တုန်းက ဘိန်းစိမ်းတပိဿာ ရွှေတကျပ်သားမက ရခဲ့တဲ့ခေတ်တွေမှာ ဘိန်းကိုပဲ အဓိကထား စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။
မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မျိုးဆက် ၃ ဆက်မက ရှိလာပြီဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုကလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ ကမ္ဘာမှာ ထိပ်တန်းစိုက်ပျိုးသူနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ အထွေထွေကုန်ဈေးနှုန်းက ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက တရိပ်ရိပ် တက်လာသလို ဘိန်းတဧက ကုန်ကျစရိတ်တွေကလည်း မြင့်တက်လာပါတယ်။
ဒါကြောင့် ဘိန်းတဧကကနေ အများဆုံးထွက်နိုင်တဲ့ အထွက်နှုန်းရရှိအောင် မရင်းနှီးနိုင်တော့တာက အထွက်နှုန်းကို ကျဆင်းစေသလို ဘိန်းစိမ်းဈေး ကျဆင်းလာတာကလည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက တောင်သူအတွက် အကျိုးမရှိ ဖြစ်လာစေပါတယ်။
ဒါကြောင့် ၂၀၂၆ ဆောင်းရာသီ ရေခြံဘိန်းအချိန်မှာ ဘိန်းစိမ်းတပိဿာ ကျပ် ၄ သိန်းသာရှိပြီး ဘိန်းစိမ်း ၁၀ ပိဿာ ရောင်းလို့မှ ရွှေငါးမူးသားမရတော့တဲ့ လက်ရှိအချိန်မှာ ဘိန်းစိုက်ရင်း ပိုမိုကျပ်တည်းလာကြတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြောင့် ဆီဆိုင်မြို့နယ်ထဲမှာ ပါဝင်တဲ့ မဲနယ်တောင် တောင်ဘက်ခြမ်းဒေသတွေရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက အရင်ထက် ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ အထူးဒေသ ၆ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီဝင်တယောက်က ပြောပါတယ်။
“အခုဆိုရင် မြင်ရတဲ့အတိုင်းပဲလေ၊ အရင်တုန်းက မြင်ရတဲ့ တောင်ပေါ်တွေ လမ်းကနေမြင်ရတဲ့ တောင်ပေါ်တွေ၊ အခု ကော်ဖီခြံဖြစ်နေတဲ့နေရာတွေ အကုန်လုံးက ဘိန်းခင်းတွေချည်းပဲ။ အခု အဲဒါတွေ တခုမှ မရှိတော့ဘူး။ လယ်ထဲမှာ ရေနဲ့စိုက်လို့ရတဲ့ ဘိန်းနည်းနည်းပါးပါးပဲ ကျန်တာ။ အန်ကယ်လ်ပြောတဲ့ ၁၀ ရာခိုင်နှုန်းဆိုတာ အဲဒီဟာကို ဆိုလိုတာ။ ဘိန်းက တောင်ပေါ်မှာပဲ ပိုဖြစ်ထွန်းတယ်။ ရေသွင်းပြီးစိုက်လို့ရတဲ့နေရာက အန်ကယ်လ်တို့ တောင်ပေါ်မှာ ကျယ်ကျယ်ဝန်းဝန်း မရှိဘူး။ အခုလောလောဆယ်က အဲဒီအပိုင်းတွေပဲ ကျန်တော့တာ။”
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ ၂၀၂၅ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် ကမ္ဘာ့ထိပ်တန်းစိုက်ပျိုးသူနေရာမှာ ရှိနေခဲ့ပါတယ်။
ဘိန်းကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုကြတာရှိသလို ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
အမြင့်ဆုံးနေရာမှာ ၈,၂၆၃ ပေရှိတဲ့ မဲနယ်တောင်တန်းပေါ်က ဒေသခံတွေကတော့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြပြီး တခြားဟင်းသီးဟင်းရွက်နဲ့ စားဖိုဆောင်သီးနှံထက် ဘိန်းစိုက်ပျိုးမှုက မိသားစုစီးပွားကို ဖူလုံစေတာမို့ ဘိန်းကိုပဲ ရွေးချယ်စိုက်ပျိုးခဲ့ရပေမဲ့ အခုလို ဘိန်းစိမ်းဈေးတွေ ကျဆင်းပြီး စိုက်ပျိုးစရိတ်တွေ မြင့်တက်လာတဲ့ အခါမှာတော့ ဝင်ငွေရ တခြားသီးနှံလုပ်ငန်းကို အချိန်နဲ့တပြေးညီ စနစ်တကျ ထူထောင်နိုင်ဖို့ အရေးကြီးလာတာ ဖြစ်ပါတယ်။
လတ်တလော ဘိန်းအစားထိုးသီးနှံလုပ်ငန်းအတွက် တောင်သူတွေက ကော်ဖီကို စိုက်ပျိုးလာကြပြီး ကော်ဖီဈေး ကောင်းလာသလို လမ်းပန်းဆက်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်လာရင်လည်း ဒေသနဲ့ လိုက်လျောညီထွေဖြစ်ထွန်းတဲ့ ထောပတ်သီးကလည်း ဝင်ငွေရသီးနှံ ဖြစ်လာမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ဧက ၁၃၃,၀၀၀ နီးပါး ရှိခဲ့ပြီး ရှမ်းပြည်နယ်တခုတည်းရဲ့ စိုက်ဧက ၁၁၇,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားပါတယ်။
ဟန်န


