
မက္ကဆီကိုရေတပ်ဟာ နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းအနီး ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ကိုကင်းတန်ချိန် ၄ တန်လောက် တင်ဆောင်လာတဲ့ ရေငုပ်သင်္ဘောတစီးကို ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ လုံခြုံရေးဝန်ကြီး အိုမာဂါစီယာဟာဖွှတ်ချ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ အတည်ပြုပြောပါတယ်။
လုံခြုံရေးဝန်ကြီး ဟာဖွှတ်ချ်က “ပြီးခဲ့တဲ့ တပတ်အတွင်း ရေကြောင်းစစ်ဆင်ရေးတွေကြောင့် မူးယစ်ဆေးဝါး တန်ချိန် ၁၀ တန် နီးပါးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒါဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ငွေကြေးထောက်တိုင်တွေကို ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ တိုက်ရိုက် ထိုးနှက်ချက်တခု ဖြစ်သလို မူးယစ်ဆေးဝါး သန်းနဲ့ချီတဲ့ ပမာဏ လမ်းပေါ်ကို ရောက်မသွားအောင် တားဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးဟာ မက္ကဆီကို မိသားစုတွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
ဒီစစ်ဆင်ရေးအတွင်း သံသယရှိသူ ၃ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။
Source: Reuters


