
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သီးနှံစိုက်ခင်းထဲ မြှုပ်နှံထားတဲ့ စိတ်ကြွဆေးပြားပေါင်း ၆,၀၀၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ Maesai Press ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မယ်ဆိုင်မြို့နယ်၊ ဟွေ့ခိုက်အုပ်စု၊ ဘန့်ဟောင့်ဟဲ့ရွာက လယ်ယာစိုက်ခင်းတခုအနီးမှာ အုပ်စုဖွဲ့ မူးယစ်ဆေးဝါး သုံးစွဲနေတာရှိကြောင်း ရွာသားတွေက အကြောင်းကြားတာကြောင့် မယ်ဆိုင် မူးယစ်ရဲတပ်ဖွဲ့၊ နယ်မြေခံရဲနဲ့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၈ ရက်က အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
သီးနှံစိုက်ခင်းတခုနားမှာ ပုံမှန်မဟုတ်တဲ့ မြေကန်သင်းဖို့ထားတာ တွေ့ရတယ်၊ ကန်သင်းပေါ်မှာ သီးနှံတချို့ပုံထားပြီး အောက်မှာ ဝါးတုတ်တန်းတွေနဲ့ ထပ်ဖုံးဖိထားတယ်၊ တာဝန်ရှိသူတွေက မြေတူးကြည့်ရာမှာ မြေဩဇာအိတ်ပေါင်း ၃၀ ကို အစီရီချ မြှုပ်နှံထားတာ တွေ့ရတယ်၊ အိတ်တလုံးစီမှာ စိတ်ကြွဆေးပြား ၂၀၀,၀၀၀ စီ ပါရှိတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၆,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
အနီးနားက လယ်စောင့်တဲမှာ သံသယရှိတဲ့ တောင်ပေါ်တိုင်းရင်းသား ၃ ယောက်လည်း တွေ့ရှိပြီး အားလုံးမှာ မူးယစ်ဆေးဝါးသုံးစွဲထားဟန်ရှိကာ သူတို့ကတော့ စိုက်ခင်းထဲက မူးယစ်ဆေးတွေဟာ သူတို့ဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
တာဝန်ရှိသူတွေကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုအပြင် မြေမြှုပ်ထားတဲ့ဆေးတွေနဲ့ ပါဝင်ပတ်သက်မှု ရှိမရှိ ဆက်လက်စစ်ဆေးဖို့ ခေါ်ယူထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
Source: Maesai Press


