
အယ်လ်ဆာဗေဒေါနိုင်ငံရဲ့ အနောက်တောင်ဖက် ကမ်းရိုးတန်းရှိ ရေယာဉ်တစင်းကို အာဏာပိုင်တွေ ကြားဖြတ်ဖမ်းဆီးခဲ့ပြီးနောက်မှာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကိုကင်းမူးယစ်ဆေးဝါး ၆ ဒသမ ၆ တန်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြသခဲ့ပါတယ်။
အယ်လ်ဆာဗေဒေါ ရှေ့နေချုပ် ရိုဒေါ့လ်ဖှို ဒယ်လ်ဂါဒိုရဲ့ ပြောကြားချက်အရ ဒီစစ်ဆင်ရေးကို အမျိုးသားရေတပ်က ဆောင်ရွက်ခဲ့တာဖြစ်ပြီး အလျား ၅၄ မီတာရှိတဲ့ FMS အီးဂဲလ် အမည်ရ ဘက်စုံသုံးသင်္ဘောပေါ်မှာ ဝှက်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။
အခုသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၆၅ သန်းလောက် တန်ဖိုးရှိတယ်လို့ ခန့်မှန်းရပါတယ်။
သင်္ဘောပေါ်မှာ လိုက်ပါလာသူ ၁၀ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ တရားစွဲဆိုနိုင်ဖို့ အယ်လ်ဆာဗေဒို တရားရုံးတွေဆီ ပို့ဆောင်သွားမယ် လို့လည်း ရှေ့နေချုပ် ဒယ်လ်ဂါဒိုက ပြောပါတယ်။
လတ်တလောမှာတော့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါး အထုပ်တွေကို မြို့တော် ဆန် ဆာလ်ဗေဒေါနဲ့ ကီလိုမီတာ ၂၀၀ ကျော်အကွာက လာအူးညွံ ရေတပ်စခန်းအနီး သင်္ဘောပေါ်မှာ ရေတပ်ဝန်ထမ်းတွေက စောင့်ရှောက်နေကြပါတယ်။
Source: Reuters


