
ဂါဇာဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်ခင် ဟားမတ်စ်အဖွဲ့ကို ဘယ်နည်းလမ်းနဲ့မဆို လက်နက်ဖြုတ်သိမ်းသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
“မကြာခင်မှာပဲ ဟားမတ်စ်ဟာ အကျပ်အတည်းတခုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အလွယ်တကူ လက်နက်စွန့်မလား၊ ခက်ခက်ခဲခဲ လက်နက်ဖြုတ်သိမ်းခံမလား” လို့ အစ္စရေးတောင်ပိုင်းမှာ ပြုလုပ်တဲ့ ဗိုလ်သင်တန်းဆင်းပွဲတခုမှာ နေတန်ယာဟုက သတိပေးလိုက်တာပါ။
ဟားမတ်စ်ကို လက်နက်ဖယ်ရှားပြီးရင် ဂါဇာကို စစ်မဲ့ဇုန်အဖြစ် ထားရှိမှာဖြစ်ပြီး ဂါဇာဒေသဟာ အစ္စရေးကို နောက်ထပ် ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ကြာသပတေးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဝါရှင်တန်မှာ သူ့ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ပထမဆုံးအစည်းအဝေးကို ခေါ်ယူနေချိန်မှာ နေတန်ယာဟုက ပြောကြားခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ သမ္မတ ထရမ့်ပ်က ဟားမတ်စ်အဖွဲ့ လက်နက်စွန့်ပြီးချိန်မှာ ဂါဇာနယ်မြေ ပြန်လည်တည်ဆောက်ရေးအတွက် ရည်ရွယ်ထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၇ ဘီလီယံ ထည့်ဝင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂါဇာမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့အတွက် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ စေလွှတ်ဖို့ နိုင်ငံအများအပြားက စီစဉ်နေတယ်လို့လည်း အမေရိကန်အရာရှိကြီးတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက သဘောတူညီခဲ့တဲ့ ထရမ့်ပ်ရဲ့ အချက် ၂၀ ပါ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်အရ ဟားမတ်စ်အဖွဲ့ဟာ လက်နက်တွေ လွှဲပြောင်းပေးဖို့ လိုအပ်နေပေမဲ့ လက်ရှိအချိန်အထိတော့ လက်နက်စွန့်ဖို့ ဝန်လေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးရဲ့ ပြန်လည်တိုက်ခိုက်မှုတွေကို စိုးရိမ်နေတာကြောင့် ဟားမတ်စ်ဘက်က လက်နက်ချဖို့ မလွယ်ကူနေသေးတာ ဖြစ်ပါတယ်။
Source: Reuters


