
လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ သတ်မှတ်ထားတဲ့ ရာဖာ နယ်စပ်ဖြတ်ကျော်ဂိတ် လုပ်ငန်းလည်ပတ်မှုအတွက် သဘောတူညီထားတဲ့ လုပ်ငန်းစဉ်တွေကို အစ္စရေးက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ဟားမတ်စ်အဖွဲ့က စွပ်စွဲလိုက်ပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ ဟားမတ်စ်အဖွဲ့က နယ်မြေ နှစ်ဖက်စလုံးမှာ နယ်စပ်ဖြတ်ကျော်မှုကို ပြန်ဖွင့်လှစ်ထားပေမဲ့ အစ္စရေးဟာ နယ်စပ်ဂိတ်ရဲ့ လုပ်ငန်းစဉ် မူဘောင်တွေကို ချိုးဖောက်ပြီး ဂါဇာကို ပြန်လာကြတဲ့ ပါလက်စတိုင်းသားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ အပါအဝင် စနစ်တကျ အလွဲသုံးစား ပြုမူခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အစ္စရေးဟာ နေ့စဉ် ဝင်ထွက်ခွင့် သတ်မှတ်ထားတဲ့ လူဦးရေစာရင်းအတိုင်း ခွင့်မပြုပေးတာကြောင့် ပြည်ပမှာ ဆေးကုသမှုခံယူရမဲ့ ထောင်နဲ့ချီတဲ့ လူနာတွေနဲ့ ဒဏ်ရာရထားတဲ့ ပုဂ္ဂိုလ်တွေအတွက် အသက်အန္တရာယ်ရှိနေကြောင်း ဟားမတ်စ်က ထောက်ပြပါတယ်။
ကြားဝင်စေ့စပ်ပေးတဲ့ နိုင်ငံတွေနဲ့ အာမခံပေးထားတဲ့နိုင်ငံတွေ အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေနဲ့အညီ နယ်စပ်ဂိတ် ဖွင့်လှစ်ပေးဖို့အတွက် အစ္စရေးကို ဖိအားပေး ကြားဝင်စွက်ဖက်ပေးဖို့ ဟားမတ်စ်အဖွဲ့က တိုက်တွန်းထားပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ နယ်မြေတွင်း အစိုးရလှုပ်ရှားမှုများ ညှိနှိုင်းရေးမှူးရုံး (COGAT) က သူတို့ဟာ သဘောတူညီချက်အတိုင်း ဆောင်ရွက်နေကြောင်း ငြင်းဆိုခဲ့ပြီး လွန်ခဲ့တဲ့ ၂ ပတ်အတွင်း လူနာနဲ့ လူနာစောင့် ၃၂၀ လောက် ဂါဇာကနေ ထွက်ခွာနိုင်ခဲ့ပြီး အလားတူ အရေအတွက်ရှိတဲ့ လူတွေ ဂါဇာကို ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
COGAT အဆိုအရ ရာဖာဂိတ်မှ ဖြတ်သန်းခွင့်ပေးရာမှာ အီဂျစ်အာဏာပိုင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အတည်ပြုစာရင်းတွေကို တင်ပြရမှာဖြစ်ပြီး ဂိတ်တံခါးရဲ့ လက်ခံနိုင်စွမ်းအပေါ် မူတည်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သဘောတူထားတဲ့ လုပ်ငန်းစဉ်အရ ဂါဇာပြည်သူတွေရဲ့ ဝင်ထွက်ခွင့်ကို ဆက်လက်လွယ်ကူစေဖို့ ဆောင်ရွက်နေကြောင်းလည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ် မေလမှာ အစ္စရေးတပ်ဖွဲ့တွေက ရာဖာနယ်စပ်ဂိတ်ကို သိမ်းပိုက်ပြီးကတည်းက ဖြတ်ကျော်မှုကို အများအားဖြင့် ပိတ်ထားခဲ့တာကြောင့် ဂါဇာရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
နောက်ဆုံး အပစ်ရပ်သဘောတူညီချက်အရ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ အကျိုးသက်ရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က စတင်ကာ ရာဖာနယ်စပ်ဂိတ်ကို အကန့်အသတ်နဲ့ ပြန်လည် လည်ပတ်မှုတွေ စတင်ခဲ့ပါတယ်။
Source: Reuters


