
သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းနယ်မြေ အနောက်ဘက်ကမ်းဒေသက မြေနေရာ အများအပြားကို အစ္စရေးနိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်မဲ့ အစီအစဉ်ကို အစ္စရေးအစိုးရက ဖေဖော်ဝါရီ ၁၅ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ဒီအစီအစဉ်ကြောင့် အစ္စရေး အခြေချနေထိုင်သူတွေ မြေဝယ်ယူရ လွယ်ကူသွားစေမှာ ဖြစ်ပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ ရွေးကောက်ပွဲဝင်ရမဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ မဟာမိတ်ညွန့်ပေါင်းအဖွဲ့ထဲမှာ သမ္မာကျမ်းစာနဲ့ သမိုင်းကြောင်းကို ကိုးကားပြီး အနောက်ဘက်ကမ်းကို သိမ်းပိုက်ချင်နေသူတွေ အများအပြား ပါဝင်နေပါတယ်။
အခုအစီအစဉ်အရ ပါလက်စတိုင်းတွေ ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်တဲ့ မြေတွေကို အစ္စရေးနိုင်ငံပိုင်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။
ပါလက်စတိုင်းသမ္မတရုံးကတော့ ဒါဟာ “နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု” ဖြစ်သလို “လက်တွေ့မှာ နယ်မြေသိမ်းလိုက်တာ” ဖြစ်တယ်လို့ ကန့်ကွက်ထားပါတယ်။
လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမိုထရစ်ချ်ကတော့ ဒါဟာ နယ်မြေအားလုံးကို ထိန်းချုပ်မဲ့ “အခြေချနေထိုင်မှု တော်လှန်ရေး” လို့ ပြောကြားထားပါတယ်။
ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ Peace Now ကတော့ ဒီလုပ်ရပ်ဟာ အနောက်ဘက်ကမ်း၊ Area C နယ်မြေရဲ့ ၈၃ ရာခိုင်နှုန်းလောက်အထိ ပါသွားနိုင်တဲ့ “ဧရာမ မြေလုယူမှုကြီး” ဖြစ်တယ်လို့ သတိပေးထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အနောက်ဘက်ကမ်း နယ်မြေသိမ်းပိုက်မှုကို လက်မခံထားပေမဲ့ အခြေချအိမ်ရာ တိုးချဲ့ဆောက်လုပ်မှုတွေကိုတော့ တားဆီးတာမျိုး မရှိသေးပါဘူး။
ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးကတော့ ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးက သိမ်းပိုက်ထားတာဟာ တရားမဝင်ဘူးလို့ ၂၀၂၄ ခုနှစ်ကတည်းက ဆုံးဖြတ်ထားပါတယ်။


