Home
နိုင်ငံတကာ
ဂါဇာတွင် အမည်မသိ ပါလက်စတိုင်းအလောင်းများ စုပေါင်းသင်္ဂြိုဟ်
DVB
·
February 15, 2026
Photo: REUTERS/Mahmoud Issa

ပါလက်စတိုင်း-အစ္စရေး စစ်ပွဲအတွင်း အစ္စရေးဘက်က ထိန်းသိမ်းထားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကတဆင့် ပြန်လွှဲပြောင်းပေးထားတဲ့ အမည်မသိ ပိုင်ရှင်မဲ့ ပါလက်စတိုင်း ရုပ်အလောင်း အမြောက်အမြားကို ဂါဇာကမ်းမြောင်ဒေသ၊ ဒိရာလ်ဘားလားမြို့မှာ  ဖေဖော်ဝါရီလ ၁၃ ရက်က စုပေါင်းမြှုပ်နှံခဲ့ကြပါတယ်။

အဖြူရောင်ပိတ်စတွေနဲ့ ပတ်ထားတဲ့ ရုပ်အလောင်းတွေကို မြေကျင်းတွေထဲမှာ စနစ်တကျစီကာ ထည့်သွင်းပြီးနောက် မြေတူးယာဉ်တွေနဲ့ ဖုံးအုပ်မြှုပ်နှံခဲ့ကြတာပါ။

အခုတခေါက်မှာ ရုပ်အလောင်း ၅၃ လောင်းနဲ့အတူ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထည့်ထားတဲ့ အိတ်ပေါင်း ၈၆ အိတ်ကို လက်ခံရရှိခဲ့တယ်လို့ ဂါဇာ သုသာန်ဌာန ညွှန်ကြားရေးမှူး ဇီယာ့ဒ် အိုလေ့ဒ် က ပြောကြားပါတယ်။

အဲဒီအစိတ်အပိုင်းတွေမှာ ဦးခေါင်းခွံတွေ၊ ခြေလက်အင်္ဂါအမျိုးမျိုးတွေနဲ့ အရိုးအပိုင်းအစတွေ ပါဝင်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းက ဘယ်အလောင်းရဲ့ဟာ ဆိုတာကို လုံးဝမသိရှိနိုင်သေးဘူးလို့ ဆိုပါတယ်။

ရုပ်အလောင်းတွေဟာ ပုံပျက်ပန်းပျက် ဖြစ်နေတာကြောင့် အခုအချိန်မှာတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘဲ စုပေါင်းမြှုပ်နှံလိုက်ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နောင်တချိန်မှာတော့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ DNA စစ်ဆေးမှုတွေလုပ်ပြီး သူတို့ရဲ့ မိသားစုဝင်တွေဆီ ပြန်လည်အပ်နှံနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အခုလအစောပိုင်းမှာလည်း ရုပ်အလောင်း ၅၄ လောင်းနဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့ သေတ္တာ ၆၆ လုံးကို အစ္စရေးအာဏာပိုင်တွေဘက်က ပြန်လည်လွှဲပြောင်းပေးခဲ့ပါသေးတယ်။ အဲဒီရုပ်အလောင်းတွေကို အယ်လ်ရှီဖာဆေးရုံကို ပို့ဆောင်ထားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါဘူး။  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်ကစတင်ခဲ့တဲ့ ဒီစစ်ပွဲမှာ အစ္စရေးဘက်မှာ လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ရသလို၊ ဂါဇာဒေသမှာတော့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၇၂,၀၀၀ ကျော်အထိ သေဆုံးမှု မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013