
ဂါဇာအလယ်ပိုင်းက ပါလက်စတိုင်းလူငယ်တွေဟာ မော်တော်ဆိုင်ကယ်စီးပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး ပျက်စီးနေတဲ့ အဆောက်အအုံတွေနဲ့ တဲတွေနားမှာ ကြည့်ရှုသူတွေ စုဝေးနေခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ နေရပ်စွန့်ခွာမှု၊ စစ်ပွဲနဲ့ ဖျက်ဆီးမှုတွေအပြီးမှာ အားကစားအတွက် နည်းလမ်းမရှိလို့ အားကစားလေ့ကျင့်ဖို့ ဒီနေရာကို ရောက်နေတာလို့ ပါလက်စတိုင်း ဆိုင်ကယ်စီးသူ မာမွတ် အယ်လ်- ဆာယိတ်က ပြောပါတယ်။
“ကျနော်တို့က စိတ်ခံစားချက်ကို ပြောင်းဖို့၊ ပျော်ဖို့၊ ဘဝကို နေထိုင်ဖို့ ရောက်လာခဲ့တာ” လို့ တခြား ဆိုင်ကယ်စီးသူ ဘာရှာ အယ်လ်-ရှာက ထပ်လောင်းပြောခဲ့ပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးက ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ အသက်ဝင်ခဲ့ပြီး တိုက်ပွဲကြီးတွေ အဆုံးသတ်ခဲ့ပေမဲ့ တိုက်ပွဲတွေ လုံးဝရပ်တန့်သွားတာတော့ မဟုတ်ပါဘူး။
အစ္စရေးတပ်ဖွဲ့တွေက နောက်ဆုတ်ပြီး မြေပြင်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားပေမဲ့ အစ္စရေးနဲ့ အီဂျစ်နယ်စပ်တလျှောက်က မြို့ပျက်တွေ အပါအဝင် ဂါဇာရဲ့ ၅၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဆဲပါ။
ကျန်နေတဲ့ အဆောက်အအုံတွေကို ဖြိုဖျက်ပြီး ဒေသခံတွေကို ထွက်သွားဖို့ အမိန့်ပေးထားပါတယ်။
ဂါဇာရဲ့ လူဦးရေ ၂ သန်းကျော်နီးပါးဟာ အခု ကမ်းရိုးတန်းက နယ်မြေနည်းနည်းမှာ ကန့်သတ်ခံထားရပြီး ဟားမတ်စ်တွေက ပြန်ထိန်းချုပ်ထားပါတယ်။
ဒေသခံအများစုဟာ ပျက်စီးနေတဲ့ အဆောက်အအုံတွေနဲ့ ယာယီတဲတွေမှာ နေထိုင်ကြရပါတယ်။
Source: Reuters


