
ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို ပြေးဆွဲနေတဲ့ နေလဝင်းခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသွားအမျိုးသား ၂ ယောက်ကို ဖေဖော်ဝါရီ ၆ ရက်မှာ စစ်ကောင်စီတပ်က ပုသိမ်မြို့အဝင် ကိုးဆူစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “ကားပေါ်ကနေ တက်ဆွဲချပြီး ဖမ်းခေါ်သွားတာ။ အဖမ်းခံရတဲ့တယောက်ဆို ရိုက်နှက်ပါခံရတာ။ ဘာ့ကြောင့် ဖမ်းတာလဲတော့မသိဘူး။ အဖမ်းခံရတဲ့ ၂ ယောက်လုံးက ရန်ကုန်ကနေ မကွေတိုင်းဘက် ပြန်လာတဲ့သူတွေပါ” လို့ ပြောပါတယ်။
ခရီးသည်တင်ယာဉ်ပေါ်ကနေ စစ်ကောင်စီတပ်ရဲ့ အဓမ္မဖမ်းခေါ်ခံရတဲ့ အရပ်သားအမျိုးသား ၂ ယောက်ဟာ အသက် ၂၀ ကျော်နဲ့ အသက် ၂၈ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဒီနေ့အထိ တယောက်မှ ပြန်လွတ်လာတယ်လို့ မကြားမိသေးပါဘူး။ စစ်ကောင်စီတပ်က အမျိုးသား ၂ ယောက်ကို ပုသိမ်အဝင် ကိုးဆူစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာ။ မှတ်ပုံတင်အချက်အလက်တွေကို သေသေချာချာစစ်ဆေးတာ။ ပြည်စုံပါလျက်နဲ့ဖမ်းတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရန်ကုန်နဲ့ဧ ရာဝတီတိုင်း ပြေးဆွဲနေတဲ့ ကုန်တင်နဲ့ခရီးသည်တင် ယာဉ်တွေကို ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး အရင်ထက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း ဧရာဝတီတိုင်းကနေ ရန်ကုန်ကိုသွားတဲ့ ကုန်တင်ကား ၁ စီးပေါ် လူကြုံလိုက်လာတဲ့ အရပ်သားလူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က ပန်းတိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။


