
မတရား စစ်အာဏာသိမ်းယူမှု နောက်ဆက်တွဲမှာ မြန်မာနိုင်ငံက လူငယ်ထုရဲ့ အနာဂတ် အိပ်မက်တွေ ပုံစံမျိုးစုံနဲ့ ပျက်စီးသွားခဲ့ရသလို လူငယ်ထုဟာလည်း စစ်ပွဲတွေအတွင်း သူတို့ရဲ့ အိပ်မက်တွေကို ရပ်တန့်ပစ်လိုက်ရပါတယ်။
၅ နှစ်ဆိုတဲ့ အချိန်ကာလဟာ လူငယ်တယောက်အတွက် မျှော်လင့်ချက်နဲ့ အိပ်မက်တွေ ထုဆစ်လို့ကောင်းတဲ့ ကာလတခု ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် လူငယ်အများစုကတော့ အိပ်မက်တွေ ရပ်တန့်ခဲ့ရပါတယ်။
စစ်အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံက လူငယ်အများစုရဲ့ ရည်မှန်းချက်တွေ ပျက်ပြယ်သွားခဲ့ရပြီး အကျပ်အတည်းပေါင်းစုံနဲ့ အခက်အခဲတွေရဲ့ အစပြုရာ ဖြစ်ခဲ့ရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်မှာဆိုရင် မြန်မာနိုင်ငံက လူငယ်တွေဟာ အိပ်မက်ကိုယ်စီနဲ့ လွတ်လပ်စွာ ရှင်သန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
မတရားအာဏာသိမ်းမှုကို တွန်းလှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တဲ့ ဗိုလ်မိုက်ခဲဟာ ဆိုရင်တော့ စစ်အာဏာမသိမ်းခင်က မြင်းခြံ ဒီဂရီကောလိပ် ဒုတိယနှစ် မြန်မာစာ ကျောင်းသားတယောက်လည်း ဖြစ်ပါတယ်။
အခုတော့ သူဟာ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် - ၉ တပ်ရင်း Myingyan Black Tiger (MBT) ရဲ့ တပ်ဖွဲ့ခေါင်းဆောင်တယောက် ဖြစ်နေပါပြီ။
ဗိုလ်မိုက်ခဲက “အာဏာမသိမ်းခင်က ကျနော့်ရွာမှာ ဓမ္မစကူးဆရာအဖြစ် ကျနော့်ရွာမှာ ကလေးတွေကို စာသင်ပေးတာ ရှိတယ်။ ပုံမှန်ကတော့ ကျနော်က ကျောင်းတက်တယ်၊ မြင်းခြံဒီဂရီကောလိပ်ပေါ့၊ ကျနော်တို့တုန်းကတော့ ဒီဂရီကောလိပ်ပေါ့၊ ဒုတိယနှစ် မြန်မာစာ ကျောင်းသား ဖြစ်ပါတယ်။ ကြက်ခြေနီအလုပ်တွေ လုပ်တယ်၊ ကိုဗစ်တွေ ဖြစ်တဲ့ အချိန်မှာတော့ ကိုဗစ်စင်တာတွေမှာ ဗော်လန်တီယာအနေနဲ့ ကြက်ခြေနီလုပ်တာ ရှိတယ်။ ကြက်ခြေနီမှာ မူဝါဒ ၇ ချက်ရှိတယ်။ အရေးကြီးဆုံးအချက်က ကြားနေခြင်းဆိုတဲ့ အချက်ရှိတယ်။ ကြားနေခြင်း ဆိုတာ ရန်သူ၊ မိတ်ဆွေ မခွဲခြားဘူး၊ အားလုံးကို တတ်နိုင်တဲ့ဘက်က ကုသပေးမယ်။ ဒါပေမဲ့ပေါ့နော် စကစ ဘက်ကနေ မန္တလေးမှာ ကျနော်တို့ ကြက်ခြေနီတပ်သားတယောက်ကို ပစ်ခတ်ပြီး သတ်လိုက်တယ်ဆိုတာ သိရတယ်။ အဲဒီအချိန်မှာ ဒီလို ကြားနေခြင်းတွေက ရန်သူ့ဘက်က မရှိပါလား၊ စစ်ကောင်စီဘက်က မရှိပါလား ဆိုတဲ့အတွေး ပထမဆုံး ဝင်လာတယ်” လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ မြန်မာလူငယ်တွေကို စစ်ပွဲထဲ ဆွဲသွင်းခံရတဲ့ မျိုးဆက်သစ်လို့ ညွှန်းဆိုပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အားလုံးနီးပါးဟာ ၂၀၂၁ ခုနှစ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူတွေ ဖြစ်ကြပြီး ပြည်သူ့ကာကွယ်ရေးတပ် ၃၀၀ ကျော် ဖွဲ့စည်းခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုပါတယ်။
ဒီလို လက်နက်ကိုင် တွန်းလှန်တော်လှန်မှုတွေကို စစ်တပ်က အင်အားသုံး ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး မိမိတို့ရဲ့ အာဏာတည်မြဲရေးအတွက် စစ်မှုထမ်းဥပဒေ ဆိုတာကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံက လူငယ်တွေအတွက် အဓိက ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုကြီး တရပ်လည်း ဖြစ်ခဲ့ရတာပါ။ ဒီအကျိုးဆက်တွေကိုတော့ မြို့ပြနေ လူငယ်ထုလည်း ခံစားခဲ့ကြရပါတယ်။
ရန်ကုန်မြို့ဒေသခံ လူငယ်တယောက်က “ဒီ စစ်မှုထမ်းဥပဒေတွေ၊ ခိုးဆိုးလုနှိုက်တွေ၊ ပြန်ပေးဆွဲတာတွေ၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တရားဥပဒေရဲ့ မျက်နှာသာမပေးတဲ့ အောက်မှာ ရင်ဆိုင် အန်တု နေထိုင်နေကြရတာပေါ့နော်။ အခုထက်ထိလည်း အဲဒီလိုပဲ တရားဥပဒေရဲ့ အကာအကွယ်မဲ့တဲ့အောက်မှာ ကျနော်တို့ နေထိုင်ကြရတယ်။ လွတ်လွတ်လပ်လပ် အကြောက်တရားမရှိဘဲ အရင်တုန်းက အခြေအနေလိုမျိုး နေထိုင်ဖို့ဆိုတာ လွယ်တော့ မလွယ်တော့ဘူးပေါ့နော်” လို့ ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံက လူငယ်ထုအင်အား အလုံးအရင်းဟာ ပြည်ပကို ရွှေ့ပြောင်းနေထိုင်တာ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတာတွေ လုပ်ခဲ့ကြရပါတယ်။
အာဏာသိမ်းစစ်တပ်လက်ထက် ကောက်ယူတဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသား ၁ သန်းကျော်ဟာ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတယ်လို့ သိရပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြည်ပကို ရွှေ့ပြောင်းတဲ့သူတွေရဲ့ ၃ ပုံ ၂ ပုံနီးပါးဟာ အသက် ၂၀ ကနေ ၃၄ နှစ်အရွယ် လူငယ်တွေ ဖြစ်ကြပြီး အဓိကအားဖြင့် ပြည်ပမှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတာပါ။
မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်မှုထမ်းအခြေအနေတွေကြောင့် ပြည်ပ ထွက်ခွာလိုတဲ့ လူငယ်တွေ ပိုတိုးလာနေပြီး မြန်မာလူငယ် ၁၀ ယောက်မှာ ၄ ယောက်က အခြေအနေပေးရင် ပြည်ပကို ထွက်ခွာလိုနေကြတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကလည်း ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေဟာ ဇန်နဝါရီ ၃၁ ရက်အထိ အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှု ဖြစ်စဉ်ပေါင်း ၁,၇၈၇ ခု ရှိပြီး စုဆောင်းခံရသူ စုစုပေါင်း ၃၂,၀၉၇ ယောက် ရှိနေပြီ ဖြစ်ပါတယ်။
အများဆုံး အတင်းအဓမ္မ စစ်သားဦးရေ စုဆောင်းခံနေရတဲ့ နေရာဒေသဟာ မန္တလေးတိုင်း ဖြစ်ပြီး ရခိုင်ပြည်နယ်က ဒုတိယအများဆုံး စစ်မှုထမ်းလူဦးရေ စုဆောင်းခံနေရတာလည်း ဖြစ်ပါတယ်။
မြတ်သဇင်


