
တော်လှန်ရေးအင်အားစုတွေ ညီညွတ်ကြဖို့အတွက် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေ၊ ချင်းအမျိုးသားတပ်ဦး၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းတာ ၅ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်လာကြတာဖြစ်ပြီး ချင်းအမျိုးသားတပ်ဦးရဲ့ ထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ၅ နှစ်တာကာလ စွမ်းဆောင်ရည်ကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ ၇,၀၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့သလို ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ အရပ်သားပြည်သူ ၄,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်အာဏာမသိမ်းခင်က ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံများစာရင်းဝင် ဖြစ်ခဲ့ရာကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာ ထိပ်တန်းဖြစ်လာပြီး အာဆီယံနဲ့ ကမ္ဘာ့မျက်နှာစာမှာ ဘောင်တန်းမဝင်တော့ဘဲ အာဏာရှင်နိုင်ငံတချို့ရဲ့ အကျိုးစီးပွားအတွက် စိတ်ကြိုက်ချယ်လှယ် အသုံးချခံဘဝကို ရောက်သွားတယ်လို့ ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦးအနေနဲ့ ချင်းပြည်သူတွေ၊ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးနဲ့ ချင်းပြည်နယ်နိမိတ် စုစည်းကာကွယ်ရေးအတွက် တစိုက်မတ်မတ်လုပ်မှာဖြစ်သလို ဘုံရည်မှန်းချက်တူ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေကလည်း စစ်အာဏာရှင်စနစ် တည်ရှိနေသမျှ ကာလပတ်လုံး ဒီစနစ်ရဲ့ ဆိုးမွေတွေကို အနုနည်း၊ အကြမ်းနည်းမျိုးစုံနဲ့ ခံစားနေရဦးမှာဖြစ်လို့ ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ဘယ်လိုလွတ်လပ်ခွင့်၊ ရွှေရည်စိမ်အပြောင်းအလဲကိုမှလက်မခံဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းပါတယ်။
တိုက်ပွဲဝင်ရာမှာလည်း တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူလူထုကို မျက်နှာမမူနိုင်၊ အဖွဲ့အစည်းချင်းချင်းကြား မိတ်ဖက်ပဋိပက္ခတွေကို ဘေးမချိတ်နိုင်ရင် ဝါးအစည်းပြေတော့မဲ့ အန္တရာယ်ကို စိုးရိမ်နေရမှာဖြစ်လို့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဘုံရည်မှန်းချက်ပေါ် အခြေခံတဲ့ စုစည်းညီညွတ်ခိုင်မာတဲ့ တပ်ပေါင်းစုတရပ် ပေါ်ထွက်လာအောင်လုပ်ဖို့ အလျင်အမြန် လိုအပ်နေပြီလို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေကလည်း တော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်မှုနဲ့ တန်းတူညီမျှ ပါဝင်မှုဟာ အောင်ပွဲအတွက် သော့ချက် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးတော့ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူတွေကို အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာရာ ဇဝတ်မှုတရားရုံး (ICC)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အပါအဝင် နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကတဆင့် တရားမျှတမှု ဖော်ဆောင်ရေး ကြိုးပမ်းတာတွေကို အပြည့်အဝ ထောက်ခံတယ်လို့လည်း ဆိုပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း လက်ရှိတော်လှန်ရေးမှာ အောင်မြင်မှုတွေအများကြီး ရခဲ့ပေမဲ့ ဆုံးခန်းမတိုင်သေးဘဲ ဆက်လျှောက်ရမဲ့ တော်လှန်ရေးခရီးအတွက် စုစည်းညီညွတ်ကြဖို့အတွက် တောင်းဆိုထားပြီး တန်းတူရည်တူ တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အပြန်အလှန်ရိုင်းပင်းကူညီရေးဆိုတဲ့ အခြေခံမူအပေါ်မှာ စုစည်းညီညွတ်ဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။


