
အကြမ်းဖက်စစ်တပ်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တော်လှန်ရေးအင်အားစုအဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance - SRA) ကို ဖွဲ့စည်းလိုက်ပြီလို့ တပ်ပေါင်းစုအဖွဲ့ဝင်တွေရဲ့ တော်လှန်ရးကတိကဝတ်တွေကို ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုမှာ 96 Soldiers PDF၊ ဗမာ့တပ်တော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဗမာပြည်သူလွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းညီနောင်(CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF)၊ Force for Federal Democracy (FFD)၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည့်သူ့လွတ်လပ်ရေး တပ်တော် (PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့-ခမ်းကောင်/ပအိုဝ်းပြည်သူကာကွယ်ရေးတပ်(ခမ်းဒေါမ်) PNDF-KK)/(PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF )၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) နဲ့ ယောကာကွယ်ရေးတပ် ( YDF) တို့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားပါတယ်။
SRA ရဲ့ တပ်ပေါင်းစုအဖွဲ့ဝင်တွေရဲ့ ကတိကဝတ်အနေနဲ့ စစ်အာဏာရှင်ပြုတ်ကျဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာဖို့အတွက် တိုက်ပွဲဝင်ရေး ၊စစ်တပ်ကျူးလွန်မှုတွေကြောင့် လူထုရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းတွေကနေ အမြန်ဆုံးလွတ်မြောက်ရေး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချိတ်ဆက်မှု အားနည်းချက်တွေကို ပြင်ဆင်ပြီး ခိုင်မာကျယ်ပြန်တဲ့ မဟာမိတ်တပ်ပေါင်းစုအသွင် ရပ်တည်သွားဖို့နဲ့ အားကောင်းတဲ့ ကွပ်ကဲမှုယန္တရားတရပ် ပေါ်ပေါက်လာရေးတွေအပြင် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေနဲ့ စုစည်းညီညွတ်မှုနဲ့ အကောင်အထည်ဖော်သွားရေးတို့ ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မေလက စတင်ပြီး တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့နဲ့ စတင်ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ နောက်ဆုံးပတ် ၃ ရက်တာ ညီလာခံကနေ အဖွဲ့ ၁၉ ဖွဲ့ ဘုံသဘောတူညီချက်တွေ ပါဝင်တဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့အတူ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
အခုလို နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ပေါ်ပေါက်လာတဲ့အပေါ်မှာတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်သူလူထုတွေက ထောက်ခံအားပေးနေကြပါတယ်။


