
နွေဦးတော်လှန်ရေးကာလ အရှိန်ပြင်းလာစအချိန်။ စစ်ကောင်စီဘက်ကလည်း တင်းကျပ်ဟန့်တားလာချိန်။ စစ်ကားကြီးပေါ်က လက်နက်တွေနဲ့ချိန် ဆန္ဒပြလူစုကို လိုက်ရှာဖမ်း ကားပေါ်ပစ်တင်နေချိန် ပြေးလွှားပုန်းခိုရင်းသူများ အိမ်ခြံဝင်း ဆူးခွေဝိုင်းပေါ် လက်ထောက်ရက် ခြေထောက်ပါငြိနေခဲ့ပေမဲ့ သူတို့မမြင်လို့ လွတ်သွားခဲ့ဖူးတယ်။ အဲနောက် လအနည်းငယ်ဖြစ်တဲ့ မိုးတွင်းအခါသမယမှာတော့ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းဘေး မြစ်ကြီးနားမြို့ကနေ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်ခွဲပန်ဆောင်ကို သွားဖို့ ဖြစ်လာခဲ့တယ်။ ဟူးကောင်းချိုင့်ဝှမ်းကိုဖြတ်ပြီး ပတ်ကွိုင်တောင်ကျောပေါ်က လီဒိုလမ်းမကြီး ခေါ် စတီးဝဲလ်လမ်းမကြီးအတိုင်း လှပတဲ့ရှုခင်းတွေကို ခံစားရင်းပေါ့။ နာဂ ညီလေးကတော့ အစ်ကို ရှင်ဗွေယန်မှာ ညအိပ်။ နောက်နေ့ နန်းယွန်းကားစီး။ ပန်ဆောင်ကနေ လာကြိုမယ့်သူ လွှတ်လိုက်မယ်။ ငါတော့ အဲလမ်းတွေမှာ ဆိုင်ကယ်မစီးတတ်ဘူး။ လမ်းဆိုးတယ်။ အိမ်ကပဲ စောင့်မယ်ဆိုတော့ ရှင်ဗွေယန်ထိ ကားလက်မှတ်ဝယ်တက်စီးခဲ့တာပေါ့။ ဖားကန့်လမ်းပိုင်းလဝါးထိတော့ တယ်ဟုတ်တဲ့ လီဒိုလမ်းမကြီးပေါ့။
အဲ နောက်ရွာတွေကနေတော့ ပလုတ်တုတ်လမ်းတွေဖြစ်ကုန်ပြီ။ တံတားအလယ်မှာ ကျွံဝင်ထားပြီး အချက်ပြစနစ်ဖြစ်တဲ့ တုတ်ထောင် အဝတ်စုတ်တွဲလောင်းချ လမ်းတွေကနေ တဖက်ပဲ မောင်းလို့ရတဲ့လမ်းတွေဖြစ်လာတယ်။ တဖက်က ကားမောင်းလို့မရလောက်အောင် လမ်းတွေက ဗွက်အိုင် ရွှံ့တော။ လမ်းပျက်လမ်းဆိုး။ အံမယ် တချက်တချက် လမ်းကထ ကောင်းလိုက်။ ပလို့ဂျိ လမ်းလေးဖြစ်သွားလိုက်နဲ့။ ဘယ်ညာ စိမ်းစိုနေတဲ့ လယ်ကွင်းတွေက မိုးရနံ့လေးနဲ့ ပနံသင့်နေတာပဲ။ အစ်ကို ကိုဗစ်တုန်းက လမ်းကန်ထရိုက်တွေက နားလိုက်ရတာတွေရှိတယ်လေ။ နောက်တော့ တက်လာတဲ့ ကုန်စျေးနှုန်းကိုလိုက်မမီ။ လိုက်စစ်မယ့်သူလည်းမရှိဆိုတော့ လမ်းက မပြီးမပြတ်နဲ့ ဖြစ်ကျန်တာ။ လမ်းပိုင်းကန်ထရိုက်တွေက သူရတဲ့နေရာက စလုပ်ရင်း ကိုဗစ်ကြောင့် နားလိုက်ရတော့ လမ်းတွေက စလုပ်ခဲ့တဲ့နေရာမှာကောင်းပြီး ရပ်ခဲ့လိုက်တဲ့နေရာကနေ စဆိုးတာပဲ။ အမှန်ဆို လမ်းကောင်းရင် ပန်ဆောင်ထိ နေ့ချင်းပေါက်သွားလို့ရမှာလို့ ပြောပြဖူးတာ သတိရလိုက်တယ်။
ဝရာဇွပ် ရွာထဲလမ်းကတော့ ရွာထဲတော်တော်ဆိုးတယ်။ ယုဇနကုမ္ပဏီထဲက ဖြတ်မောင်းဆိုပြီး ကားသမားချင်းသတင်းလှမ်းပေးလို့ မျက်စိတဆုံးကျယ်ပြန့်တဲ့ ဧက ထောင်ပေါင်းများစွာသော ယုဇနကုမ္ပဏီ ဝင်းထဲကနေ ဖြတ်မောင်းရတယ်။
ပစ်ခတ် မီးရှို့ကျည်သင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ယုဇနကုမ္ပဏီဝင်းထဲက အဆောက်အအုံတွေဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ လမ်းကတော့ ပြုပြင်ထားတာမျိုး မရှိတော့တာမို့ မုန့်ပစ်သလက်အိုးလို ချိုင့်ခွက်ကြီး ချိုင့်ခွက်ငယ် မုန့်လင်မယားအိုးချထားသလို ဒယ်ပိုင်းကြီး ချထားသလို ချိုင့်လမ်း ခွက်လမ်းတွေ အဆင်းအတက် ကြမ်းတဲ့လမ်း ရေကျော်လမ်းတွေဖြတ်ပြီး တနိုင်းရောက်တော့မိုးချုပ်ပြီ။ တနိုင်းကို လှမ်းမြင်ရကတည်းက မိုးရွာလိုက်တာဆို သည်းကြီးမည်းကြီး၊ ဒေါသတကြီး၊ အငြိုးတကြီး အကြွေးနဲ့ကို ရွာချသလိုပဲ။ ရှင်ဗွေယန်ကို နောက်မနက် ဒီကားနဲ့မဟုတ်တော့ဘူး။ တခြားကားရှာရတော့မှာပေါ့။ ရှင်ဗွေယန်ထိ ကားလက်မှတ်ဝယ်ထားတာလေ။ တည်းခိုခန်းပိုင်ရှင် နာဂဦးလေးကြီးကို နန်းယွန်းထိ ကားစီစဥ်ပေးဖို့ ပြောလိုက်ဆိုပြီး ညီလေးက မှာထားလို့ ပြောထားလိုက်တာ။
တည်းခိုခန်းရှေ့နဲ့ ဘေးတွေမှာ ထမင်းဆိုင်တွေရှိတယ်။ တည်းခိုခန်းနဲ့ ညှိပြီးဖွင့်ကြတာပေါ့ဆိုပြီး ပြောပြတယ်။ တကားတည်းစီးလာတဲ့ နာဂအမျိုးသမီး ညီမလေး။ သူက ခလုံးရေဆိပ်ကို ဆက်သွားရမှာမို့ မနက်ဖြန်တော့ ကားမတူတော့ဘူးလို့ပြောပြတယ်။ ညကျတော့ အဲဒီ နာဂညီမလေးနဲ့ စကားပြောနေတုန်း ကားဆရာတယောက်ရောက်လာတော့ ဒီမှာ နန်းယွန်းထိ ခရီးသည်ပါတယ်ဆိုတော့ ရှင်ဗွေယန်ထိ ငါးသောင်းပဲပေးပါတဲ့။ မနက်ကျရင် တောင်ပေါ်ကားသမားနဲ့ ချိတ်ပေးမယ်ဆိုပြီး ပြောတယ်။ သူက ကောင်တာဘက်ကဝင်လာတာဆိုတော့ ဦးလေးကြီးလွှတ်လိုက်တဲ့ ကားဆရာထင်ပြီး မမေးမမြန်း ရပါတယ်လို့ ပြောလိုက်ပြီး သူကလည်းထွက်သွား ကိုယ်တွေလည်း စကားဆက်ပြောနေခဲ့တယ်။ အဲလောက်တာ့ ကျမယ် အစ်ကို။ ကျမတော့မရောက်ဖူးဘူးဆိုပြီး မြစ်ကြီးနားကတည်းက ကားအတူစီးခဲ့တဲ့ နာဂညီမလေးကပြောတယ်။ ခဏတော့ ကောင်တာက ဦးလေးကြီးက ဆရာ နန်းယွန်းထိ ငါးသောင်းနော်။ မနက် ၇ နာရီလာကြိုလိမ့်မယ်ဆိုပြီး အကြောင်းကြားလာတော့ဗျာ နန်းယွန်းထိ ငါးသောင်း။ တခုခုတော့လွဲဲပြီ။ ခုန ကားဆရာရဲ့ ဖုန်းနံပါတ်ယူထားတုန်းက ကိုရခိုင်ဆိုရင် ရပြီ။ လူတိုင်းသိတယ်ဆိုပြီးပြောတာမို့ ကိုယ်ကပဲ အမှတ်မှားတာလားပေါ့။ ဖုန်းဆက်မေးကြည့်တာ။ ကိုရခိုင်ရေ နန်းယွန်းထိ ကားခ ငါးသောင်းလားဆိုတော့မဟုတ်ဘူး။ ရှင်ဗွေယန်ထိ။ ဟိုဘက်ကတော့ သုံးသောင်းခွဲလောက်ကျမယ်ဆိုပဲ။ ရှစ်သောင်းခွဲပေါ့။ သေချာမေးလာတဲ့ခါ သူက စိတ်မရှည်သလိုနဲ့ မလိုက်ချင်ရင်လည်း ရတယ်တဲ့။ အတော်အားနာတတ်သူပီသစွာ ကောင်တာကို ဦးလေးလွှတ်လိုက်တဲ့ ကားဆရာထင်လို့ လိုက်ဖို့ပြောလိုက်မိပြီလို့ပြောတော့ ခုနက ကားဆရာလား။ တည်းခိုခန်းထဲထိဝင်ပြီး ဧည့်သည်ကို စိတ်အနှောင့်အယှက်ပေးတာပဲ။ ဆရာ နန်းယွန်းထိ ကားခက ငါးသောင်းပဲနော် ဆိုပြီး ထပ်ပြောပြသွားတယ်။ ကျနော့်ကို ခေါင်းခန်း သုံးသောင်းခွဲတော့ပေးလိုက်။ ဟိုဘက်ကိုက လေးသောင်းလောက်တော့ကျမယ်တဲ့။ အဲဒီမှာတင် နှစ်သောင်းခွဲပိုနေပြီ။ တည်မိတဲ့ဘုရား လင်းတ နားနားပဲ။ ကိုယ်က စကားကျွံထားပြီကို။ အေးလုပ်ထားပေါ့ ကိုရှေရေ။ ခင်ဗျားတို့ ရခိုင်လာရင်လည်း ဗမာစကားပဲတတ်တဲ့ ကျုပ်က ရခိုင်စကားပြောတတ်တဲ့သူထက် ကားခပိုပေးရတယ်။ ကချင်ကို ခင်ဗျားလာလုပ်စားတယ်နော်။ ကျုပ်က ပုံမှန်ထက်ပိုပေးရတာပါပဲ။ လုပ်ရက်တယ်လို့ပဲ ရယ်မောပြောဖြစ်ခဲ့တယ်။
နောက်မနက်မှာတော့ သူ့အရင် နန်းယွန်းထိရောက်မယ့်ကားဆရာက လာကြိုသွားပြီ။ လာကြိုလည်း ဒီ ဗင်ကားတွေက နန်းယွန်းမရောက်ဘူး။ ရှင်ဗွေယန်ရောက်ရင် ကားပြောင်းစီးရမှာ။ ခရီးစဥ်နှစ်ခုလုံး ခေါင်းခန်းက စီစဥ်ပေးထားပါတယ်။ သူတို့စီစဥ်ပေးတဲ့ကားနဲ့ဆို ကျပ်သိပ်နေမှာ။ ခရီးကြမ်းလို့ ဆိုပြီး လက်ခံချင်စဖွယ်ဖြည့်စွက်ပြောတယ်။ မနေ့ည တနိုင်းမြို့အဝင်မှာကတည်းက မိုးက သည်းကြီး မည်းကြီးရွာခဲ့ပြီးသကာလ တနိုင်းကပြန်ထွက်တော့လည်း မိုးကသည်းနေတာပဲ။ ပတ်ကွိုင်တောင်တန်းကြီးက မိုးနဲ့ကြိုနေခဲ့တာပေါ့။ လမ်းဘေးမှာ ထီးလေးဆောင်းပြီး ကျောင်းသွားနေတဲ့ကလေးတွေ။ ရေစီးပြင်းစ တံတားသံဘောင်ကနေ ခိုပြီး ချောင်းထဲကည့်လိုက် ရယ်မောနေလိုက်နဲ့။ အမေတွေများတွေ့လို့ကတော့ ရင်ထိတ်လို့ဆိုပြီး ကရုဏာဒေါသ မုန့်မရပဲ တုတ်ရမှာလည်း မြင်ယောင်လိုက်သေးတယ်။ ကိုရခိုင်ကတော့ ခပ်ရွှတ်ရွှတ်နဲ့ လမ်းဘေး လျှောက်နေတဲ့ ဆရာမလှလှလေး လှဆို မျက်နှာတော့မမြင်ရပါဘူး။ နောက်ပိုင်းကမြင်ရတာတောင် လှနေတာကိုး။ ပလုံပလုတ်လမ်းလေးတွေဆိုတော့ ချိုင့် ဖြစ်လိုက် အိုင်ဖြစ်လိုက်ပဲ။ ရေလွှမ်းနေတဲ့ ဆရာမလေးဘေးက ချိုင့်ခွက်ထဲ အရှိန်တင်ဖြတ်မောင်းလိုက်တယ်။ ကျုပ်ရဲ့ ဟာ...ဆိုတဲ့ အာမေဋိတ်သံကို ကိုရခိုင်က ကျေနပ်ပျော်ရွှင်နေတဲ့ ရယ်သံနဲ့တုံပြန်တယ်။ ငါမြင်ဖူးတဲ့ရခိုင်ထဲ ကိုရှေရေ ခင်ဗျားတော့ ခပ်ဆိုးဆိုးပဲလို့ မှတ်ချက်ချမိတယ်။ ဆရာမလေးကိုယ်တခြမ်းတော့ ရွှဲစိုသွားမှာပဲ။ စိတ်မကောင်းဖြစ်မိတာပေါ့။ သူကတော့ လမ်းတလျှောက် ချိုင့်ခွက်တွေထဲချည်း တည်မောင်းတာ။ ကားရေဆေးရင်းပေါ့တဲ့။
ဘယ်လိုနေနေ သူ့ကားက ဆယ်နာရီကျော်လောက်မှ တနိုင်းကထွက်တယ်။ ရှင်ဗွေယန်ကလည်း မိုးကြီးနဲ့ကြိုနေတယ်။ မိုးသည်းထဲ ကားပြောင်းစီးရတယ်။ ရှင်ဗွေယန်ကနေ ပါဂျဲရိုးကားနဲ့ တောင်တက်တော့မယ်ပေါ့။ ကလေးတွေ ကျောင်းပြန်တက်ချိန်လောက်မှာ နန်းယွန်းခရီးစဥ် စတော့တာပဲ။ အဲဒီမှာတော့ စတီးဝဲလ်လမ်းမကြီးရဲ့ လီဒို ကားမောင်းစကေးတွေ ပြရတော့တာပဲ။ တော်တော်ကျွမ်းကျင်တဲ့ ကားသမားဆိုတော့လည်း အဆင်ပြေလိုက်ပုံ။ သူဘာလူမျိုးလည်း မသိပေမဲ့ ကိုဒီးဒီးလို့ ခေါ်ကြတာကိုတော့မှတ်မိလိုက်တယ်။ ကားတွေ စုမိအောင်စောင့်ပြီး မောင်းကြတယ်။ အချင်းချင်းကူညီရတယ်။ ကားဘောနက်ဖုံးပေါ် တက်ထိုင်ပြီး ဂီယာကြီးနဲ့ရုန်းတယ်။ တစီးပြီး တစီး ဝိုင်းရုန်း။ ညာသံပေး သတိပေးကြနဲ့။ မိုးဖွဲကြား လမ်းဘေးတောင်ကမ်းပါးမှာ လှပတဲ့သစ်ခွတွေကိုတွေ့ရတယ်။ မိုးသည်းထဲမှာပဲ နန်းယွန်းမြို့ကိုရောက်တယ်။ တည်းခိုခန်းခ သုံးထောင်။ နောက်မနက်လာကြိုတဲ့ဆိုင်ကယ်နဲ့ လိုက်သွားတော့ ကိုယ့်ဘုရား သူ့ဘုရားမခွဲခြားနိုင်တော့ဘူး။ ခရစ်ယာန်၊ ဗုဒ္ဓ၊ အစ္စလာမ် ဘာသာစုံလို့ပဲ။ လမ်းကြမ်းပုံ တောင်တက်လမ်း။ ဆိုင်ကယ်ကို အကြိမ်ကြိမ်မွမ်းမံရင်း ပန်ဆောင်ကို ညနေ လေးနာရီမှာ ရောက်တယ်။ ဟိုဘက်လမ်းဆိုးနေတော့ ဒုက္ခရောက်နေမယ်ဆိုပြိး ပန်ဆောင်မှာ နာဂညီလေးရဲ့ အစ်မအိမ်မှာ ညအိပ်ကြတယ်။
မိုးတစိမ့်စိမ့် ပန်ဆောင်ညလေးကို တနာရီတခါ ရေသောက် အပေါ့စွန့်နဲ့ ဖြတ်သန်းရတယ်။ လမ်းမှာ မသောက်ခဲ့ရသမျှရေကို အတိုးချသောက်။ အိမ်ရှင်က စောင်ကို အပုံလိုက်ထားပေးထားတော့ လူအိပ်နေတာလား။ စောင်ပုံလား မသဲကွဲအောင် ထပ်ခြုံ ထပ်ခြုံနဲ့ အိပ်ပစ်တာ မနက် ၇ နာရီထိုးရော။ No Return Lake ပြန်လမ်းမဲ့ ရေကန်ကို နယ်စပ်သွားတဲ့လမ်း ဆိုင်ကယ်ပေါ်ကနေ ကြည့်ပြီး မဟာမိတ်လေယာဥ်တွေ အင်းထဲရှိနေသေးတာလား တွေးမိတယ်။ နောင်ယန်အင်းဆိုတဲ့ နာဂလူမျိုးတွေရဲ့ အသည်းနှလုံး အိုင်ပတ်လည်က လယ်ကွက်လေးတွေက အစိမ်း အနုအရင့် ရောင်စုံလယ်ကွက်လေးတွေ ဝိုင်းနေတယ်၊ ဒါသူတို့ရဲ့အသက်သွေးကြောပါပဲလို့ မြင်ရုံနဲ့သိလို့ရတယ်ပေါ့။ နှစ်နိုင်ငံ နယ်စပ်မျဥ်းထိ လျှောက်ကြည့်တယ်။ ထုံးစံအတိုင်း ကိုယ့်နိုင်ငံဘက်ကလမ်းက ကွာလတီနဲ့ သူများနိုင်ငံဘက်ခြမ်းလမ်းရဲ့ ကွာလတီက ဝမ်းနည်းစရာကောင်းလောက်အောင် ကွာခြားပါတယ်။ အိန္ဒိယဘက်က ဂိတ်တံခါးကလည်း ဝါးလုံးလေးတန်းထားတော့ အင်းဒါက အစနေရာမို့ထင်ပါရဲ့။ ကိုဗစ်ကတည်းက ပိတ်ထားတဲ့လမ်း။ လျှိုထဲက သူတို့ရဲ့ စခန်းအဆောက်အအုံလေးကို လှမ်းမြင်နေရတယ်။ နှစ်နိုင်ငံနယ်စပ်လမ်းကနေ နှစ်နာရီလောက်ကားစီးရင် အစ်ကိုတို့ ကချင်တွေနေတဲ့ နန့်ပေါင်ရွာကိုရောက်တယ်။ မနောင်ပွဲလုပ်တဲ့နေရာလေလို့ လာကြိုတဲ့ညီလေးကပြောပြတယ်။ တိတ်ဆိတ်နေတဲ့ လမ်းမကြီး ဘေးမှာ Pansaung Pass ဆိုတဲ့ ဆိုင်းဘုတ်လေးကိုတွေ့ခဲ့ရတယ်။ ရောင်းသူ ဝယ်သူ မျှော်နေတဲ့ နယ်စပ်စျေး Border Market Place နဲ့ နယ်စပ်မှတ်တိုင်ဆီ အမှတ်တရ ဓာတ်ပုံလေးရိုက်ယူပြီး ပန်ဆောင်မြို့လေးနဲ့မနီး မဝေးက ထဟော ၂ ဆိုတဲ့ ရွာလေးကို ခရီးဆက်ခဲ့တယ်။
လှပတဲ့ ရှုခင်းတွေနဲ့ ဆန့်ကျင်စွာ တော်တော့ကို ကြမ်းတဲ့ ရွှံ့မြေသားလမ်းပေါ် ဆိုင်ကယ် ဘရိတ်တံ နှစ်ခါကျိုးပြီးတဲ့နောက် လီဗာဂီယာကို ထိန်း ဗလအားကိုးနဲ့ ခရီးဆက်ခဲ့ရတယ်။ ဆိုင်ကယ်အမြီးမှာ ဗွက်တွေ ရုန်းထ၊ လူလည်း လည်ထွက်နေအောင် မောင်းရတဲ့ တောင်တက်လမ်းမှာတော့ လမ်းဆင်း လျှောက်ရတာ တမိုင်နီးပါးလို့တောင်ထင်ယူရတယ်။ လူကလည်း နှစ်တောင်လောက်နက်တဲ့ ရေစီးကြောင်းကို ခွပြီး လျှောက်မှ။ မဟုတ်လို့ကတော့ လေးဘက်ထောက်ရုံမက ခေါင်းနဲ့ပါ စိုက်လျှောက်ရမတတ်ပဲ။
တိုင်းရင်းသားတွေရဲ့ ဒေသ ဘယ်နေရာက လမ်းမဆို အဲလိုလမ်းတွေချည်းဆိုတော့ စိတ်တော့ ခုချင်တယ်ဟလို့ မောမောနဲ့ တွေးမိတယ်။ မိုးကလည်း တအားပဲ။ ကုန်းပေါ်က အိမ်လေးဆီရောက်တော့ နာဂညီလေးမျက်နှာက တော်တော်စိတ်မကောင်းသွားလို ဖြစ်သွားတယ်။ မဖြစ်စရာလား။ သူ့ကချင်အစ်ကိုက ဗွက်တုံးကြီးဖြစ်နေတာကိုး။ ငါ့အစ်ကိုကို ခေါ်မိတာ ငါးမှားများမှားသွားသလားလို့ ခံစားလိုက်ရတယ်ဆိုပြီးသူ နောက်မှ ရယ်မောပြောပြတယ်။ အဲဒီည နာဂလူမျိုးတွေရဲ့ နှစ်ထပ်ကြပ်ခိုးစင်ပေါ်က အခေါက်နဲ့ အသားပဲပါတဲ့ မချက်ရသေးတဲ့ ဝက်သားဇလုံကို တွေ့ရတယ်။ အဲဒါကတော့ ဆယ်ရက်ကြာခရီးမှာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်တွေ့လိုက်ရတဲ့ ဝက်သားပါပဲ။ ဘာလို့လဲဆိုတော့ တနှစ်ကို ဆယ်ပိဿာပဲထွက်တဲ့ တောင်ပေါ်ဝက်က တကောင်ပေါ်ရင် တအိမ် စကေးကျလောက်ဝေမျှစားရတာမို့ပေါ့။ ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ် အိမ်တိုင်းမှာ မွေးတယ်။ စီးပွားဖြစ်မဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်စုံရုံလေး မွေးထားတာမျိုး ဖြစ်နေတာမို့လေ။
ရောက်တာနဲ့ ခဏနားပြီး ဆေးသောက်လေ့သောက်ထမရှိသူပီသစွာပဲ ညောင်းညာကိုက်ခဲမှုကို အအိပ်နဲ့ ကုစားပစ်တာ သုံးရက်ကြာထိပဲ။ ညောင်းကိုက်ဖျားဝင်လုထိပဲ။ ညည်းသံတောင်ထွက်လို့ အေး ငါလည်း တောင်ပေါ်သားပဲဟာ။ သိက္ခာကျလို့တော့မဖြစ်ဘူး။ ငါ့ဆီလာလည်း ဒီလမ်းပဲလေ လို့ တွေးရင်း ကုန်းရုန်းထရတယ်။ နောက်တရွာကူးဖို့ ပန်ဆောင်ကိုပြန်လာ။ နောင်ယန်းအင်းပတ်လမ်းကနေ ဝပ်ထမ်းဆိုတဲ့ ရွာလေးပေါ့။ အင်းတဖက်က တည်းခဲ့တဲ့ ညီလေးတို့ဆီကို မြင်နေရတယ်။
အဲဒီမှာ သူတို့ရဲ့ သီးခြားကမ္ဘာငယ်လေးက ပိုမြင်သာတော့တာပါပဲ။ မြေပြန့်မှာ နွေဦးတော်လှန်ရေးစနေပြီ။ ကျောင်းသားတွေကအစ CDM လုပ်နေကြချိန်ပေါ့။ ဘာနေနေ ဆရာကြီးရဲ့သား ဆယ်တန်းကို ခြောက်ဘာသာဂုဏ်ထူးနဲ့အောင်လို့ ကျေးဇူးတော်ချီးမွမ်း ဆုတောင်းရှိတယ်တဲ့။ အေးလေ။ သူက တနှစ်လုံး သေလုအောင် ကြိုးစားထားရတာဆိုတော့ မြေပြန့်မှာ နွေဦးတော်လှန်ရေးတွေဖြစ်။ တနိုင်ငံလုံးဆန္ဒပြ သပိတ်မှောက်နဲ့ ရှုပ်ထွေးနေတာကို နာဂတောင်တန်းပေါ်က ကလေးတယောက်က သိနိုင်ပါ့မလား။ ကိုဗစ်သံသယလူနာရှိတယ်ဆိုပြီး ငါတို့ရွာကို ချောက်ချလို့ ရွာကို လောဒ့်ဒေါင်းလုပ်တယ်ဆိုလား။ ဒေါင်းလောဒ့်လုပ်တယ်ဆိုလား သွားလာမရဖြစ်အောင် လုပ်ခံရတာလို့ပဲ ဒေါသထွက်တဲ့ ဒေသတွေထဲက တခုလေ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး ဒုက္ခရောက်ရတာ သူတို့မသိဘူး။ လူတွေအကျိုးအတွက် social distancing လုပ်ဖို့ လိုအပ်တယ်ဆိုတာကို ဂဃနဏမသိဘူး။ အဲလောက်ခက်ခဲတဲ့ကာလမှာ ကြိုးစားထားရပြီး ဆယ်တန်းအောင်တော့ ဘာသာစုံဂုဏ်ထူးထွက်မှတော့ သူတို့တရွာလုံး ဂုဏ်မယူရှိပါ့မလား။
ဆုတောင်းလိုက်သွားတယ်။ ကလေးက ဖြူဖျော့ဖျော့ နွမ်းလျလျလေး။ ကျန်းမာရေး သိပ်မကောင်းဘူးလို့ ပြောသံကြားရတယ်။ ဒါတောင် တောင်ပေါ်တောမြို့လေးပေါ်က ရတဲ့ အထောက်အပံ့တွေလောက်နဲ့ ဘာသာစုံဂုဏ်ထူးထွက်သေးတာ။ အံ့ဖွယ်ပေါ့။ ချီးကျူးစရာပါပဲ။ ဂုဏ်တော်ချီးမွမ်းဓမ္မသီချင်းတွေဆို တရားဒေသနာနာယူ။ ပြီးတော့ အားလုံးစိတ်ဝင်စားတဲ့ ကဏ္ဍလာပြီ။ အစားအသောက်။ အပေါ်ကားကား အောက်ပိုင်းက နည်းနည်း ရှူးတဲ့ နာဂပလိုင်းတွေထဲက ဖက်ထုပ်ထမင်းက မျက်စပစ်ပြနေပြီ။ လာဖို့တော့နီးပြီ။ ဝိုင်းဖွဲ့ထိုင်နေတဲ့ဆီ လက်ဆေးရေခွက် တပတ်ပတ်ပြီး တယောက်စာ စတီးဟင်းခွက်အလတ်လေးတွေနဲ့ ငြုတ်သီးထောင်းထုပ်လေးတွဲရက်ချပြီး ဇာတ်လိုက်ကျော် နာဂရိုးရာဖက်ထုပ်ထမင်းလာပါပြီ။ ပြီးတာနဲ့ စူပါဇာတ်လိုက်ဟင်းတမယ်ဖြစ်တဲ့ တဆယ်သားကျော်ကျော် နွားနောက်သားအတုံး ၃ တုံးဆီကို ဟင်းခွက်တွေထဲ လူငယ်တယောက်က ရှေ့က ထည့်သွားပေးပြီး နောက်တယောက်က ပျစ်ပျစ်နှစ်နှစ်နဲ့ စားချင်စဖွယ် စွပ်ပြုတ်ဟင်းရည်ကို လိုက်ထည့်ပေးတယ်။ ကျန်းမာရေးဝန်ထမ်းဖြစ်ပုံရတဲ့ မိသားစု သုံးယောက်က သူတို့ရတဲ့ အသားတုံးလေးတွေကို စုလိုက်ပြီး စွပ်ပြုတ်ကို ဟင်းတခွက်ထဲမှာပဲ ယူလိုက်ကြတယ်။ အေးလေ။ ဗမာတွေဆိုတာက ငါတို့တောင်ပေါ်သားတွေလို အားပါးတရ အပြောင်အစင် စားနိုင်ကြတာမှ မဟုတ်ပဲ။ ယဥ်ကျေးလှပစွာ စားကြတာကိုးပေါ့။ တွေးမိတာ။ နောက်တဆက်တည်းလာတာက ကြွတ်ကြွတ်အိတ်တခုစီ။ ဟဲ့ ဘာတုံးပေါ့။ အရိုးလည်းမပါတော့ အရိုးထည့်စရာ ခွက်လည်းမလိုပါဘူးလေလို့။ အဲဒီနေရာမှာက အတွေ့အကြုံက စကားပြောသွားတာပဲ။ ဘယ်လိုပြောတာလဲ။ ခုနက ဆရာမမိသားစုက ကြွတ်ကြွတ်အိတ်ထဲ အသားတုံးတွေ ကိုးတုံးထဲက ခြောက်တုံးကို ကောက်ထည့်လိုက်တယ်။ ၇၀ သားလောက်ဖြစ်မှာပေါ့။ ဟားအဲလိုကြီးလားလို့။ ကမ္ဘာပေါ်မှာ သဘောအကျရဆုံး ဆုတောင်းပွဲ အစားအသောက်ကျွေးမွေးမှုစနစ်ပဲလို့။ ဒါမှန်းသိရင် ခုနကတည်းက တတုံးကို ထမင်းထုပ်ထဲ ကောက်ထည့်ထားပါတယ်လို့ ပြုံးရင်းတွေးမိတယ်။ ထူးဆန်းပြီး ပြုံးမိစေတဲ့ အချက်က အဲဒီအသင်းတော်က ဆရာတပါး ထမင်းလည်းကုန်ရော။ ထသွားတယ်။ အော် သူဝသွားလို့ပဲပေါ့။ ဘယ်ဟုတ်မလဲ။ ထမင်းက ၂ ထုပ် ပေးထားတယ်လေ။ လိုက်ပွဲပါပြီးသား။ ဆရာက ရယ်မောရင်းပြောတာက ကျနော်မဝသေးဘူးလို့ ပြောရင်တော့ ပေးပါတယ်တဲ့။ အဲချိန်မှ အော် ဟင်းက သုံးဆယ်သားကျော် သုံးဆယ့်ငါးကျပ်သားစာလောက်ပါနေပြီပဲ။ ဝတာပေါ့လို့။ စွပ်ပြုတ်ထပ်သောက်။ ရနေတာပဲလေ။ တောင်ပေါ်ဒေသကလည်းဖြစ်။ ဆန် စပါးစိုက်ပျိုးရတာကလည်း ခက်ခဲ မြေဆီက သိပ်မကောင်းဆိုတော့ အစားအသောက် လေလွှင့်မှုမဖြစ်စေဘူးပေါ့။ မြို့နေလူတန်းစားဆိုရင် ထမင်းတထုပ်တောင်ကုန်ဖို့ မလွယ်သလို သုံးဆယ်သားကျော် နွားနှောက်သား နူးနူးအိအိလေးကို ကုန်အောင်ဘယ်စားနိုင်ပါ့မလဲ။ မြို့တွက်ဆိုရင် လူတယောက်ကို တဆယ်သားနှုန်းတွက်ပြီး တခြားဟင်းအမယ်တွေနဲ့ဆို လုံလောက်ရုံမက ပိုနေပြီမဟုတ်လား။ နောက်ဆုံးတော့ ငါလည်းတောင်ပေါ်သားပဲ ထမင်းမကုန်ရင်တောင် ဟင်းတော့ကုန်စေရမယ်ဆိုတဲ့ သံန္နိဋ္ဌာန်ကြီးက အထမမြောက်လိုက်ဘူး။ အသားတုံး နှစ်တုံးကို မနည်းကုန်အောင်စားပြီး တတုံးကို ကြွတ်ကြွတ်အိတ်ထဲ ကောက်ထည့်ရတော့တာပဲ။ လိုက်ပွဲထုပ်ကိုတော့ အစားနည်းတဲ့သူက ဘေးလူနဲ့မျှစားဆိုတော့ တခါဝေပြီးရင် ထမင်းထုပ်တွေကော ဟင်းတွေကော လုံလောက်ပြီ။ စေတနာပြတ်ပုံကတော့ စား၊ အကုန်စား၊ မစားနိုင်ရင် အိမ်ကိုယူသွားပြီးစားပဲ။ နာဂလူမျိုးတွေရဲ့ စေတနာသုံးတန်ပြတ်ပုံကတော့။ တသက်နဲ့တခါ အစားအသောက် ကျွေးမွေးတဲ့နေရာမှာ စားမကုန် အိမ်သယ်စနစ်ကို ပထမဆုံးကြုံဖူးတာပဲ။ ဟိုးငယ်ငယ် မဂ္ဂဇင်းတခုရဲ့ ဝတ္ထုတိုလေးမှာ လက်ဖက်ရည်နဲ့ မုန့်စုံဧည့်ခံတဲ့ မင်္ဂလာဆောင်ကို ထည်ထည်ဝါဝါ ဝတ်ဆင်လာပြီး မုန့်အကျန်တွေကို စက္ကူထဲထည့်ထုပ်ယူသွားတဲ့ အန်တီကြီးတယောက်အကြောင်းဖတ်ဖူးတယ်။ နာဂတောင်တန်းပေါ်က ဆုတောင်းအိမ်မှာတွေးမိတာ အဲဒီအန်တီကြီးသာပါရင် သူ့ကို ဘယ်သူမှ ကဲ့ရဲ့သင်္ဂြိုဟ်နေမှာ မဟုတ်ဘူးပဲလို့။ သူက လက်ဖွဲ့နဲ့ သူစားတာနဲ့ တွက်ခြေကိုက်အောင် လုပ်ဟန်တူပါရဲ့။ သိပ်တော့ မမှတ်မိတော့ပေမဲ့ အဲဒီ အန်တီကြီးကို အတော်သတိရသွားတာ။ အဝေးကနေ မြင်နေရတဲ့ မြန်မာ့ဘာမြူဒါကန်ကြီးဖြစ်တဲ့ နောင်ယန်းအင်းကို ငေးရင်း အဲအန်တီကြီးလို အန်တီကြီးတွေအတွက် နာဂတောင်တန်းက အကျွေးအမွေးစနစ်က အသင့်တော်ဆုံးပဲပေါ့။
စစ်ကောင်စီစစ်တဲ့ စာမေးပွဲမဖြေဖို့ ဖြေဖို့တွေနဲ့ မြေပြန့်က ကလေးတွေ ကျောင်းသားမိဘတွေဗျာများနေချိန် နာဂတောင်တန်းကြီးကတော့ အေးချမ်းနေတာပေါ့။ မအေးချမ်းလို့ နေပါ့မလား။ ပတ်ကွိုင်တောင်တန်းပေါ်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်ခွဲ၊ ပန်ဆောင်မြို့လေးဟာ ရွာကြီးတရွာသာသာရှိပြီး CDMA ဖုန်းကလွဲလို့ တခြား ဘာဆက်သွယ်ရေးမှ မရှိဘူးလေ။ လူတိုင်းလား။ မကိုင်နိုင်ပါဘူး။ ကိုင်ရင်လည်း ဘာအတွက်ကိုင်မှာလဲ။ ဖုန်းလိုင်းက တနှစ်မှာ ၃၆၅ ရက်လောက် ဆက်သွယ်မရတာကို။ ဒုတိယကမ္ဘာစစ်ကာလက မဟာမိတ်လေယာဥ်တွေပျောက်သွားတဲ့ ဂျပန်တွေတပ်စုလိုက် ပျောက်သွားတဲ့ ပြန်လမ်းမဲ့ရေကန် သို့ မြန်မာ့ဘာမြူဒါဧရိယာလေးဖြစ်တဲ့ နောင်ယန်းအင်းလေးကို လှမ်းတွေ့ရမယ်။ ဆေးရုံလား မသွားချင်ပါဘူး။ NGO တွေ ငှက်ဖျား တီဘီဆေးဝေနေချိန်သူတို့က ကျောက်ကပ် အသည်းလို ဝမ်းဗိုက်ပိုင်းက ဝေဒနာအသစ်တွေ စခံစားနေရပြီ။ ဘယ်သူကူညီနိုင်မှာပဲ။ ဆီးလမ်းကြောင်းလို ရောဂါတွေ စဖြစ်နေပြီ။ အဓိကက ရေကြောင့်လို့ သူတို့သံသယဝင်နေပြီ။ ဘယ်သူလာစစ်ဆေးပြီး စိတ်ချရကြောင်း ဒါမှမဟုတ် ကာကွယ်မှု သန့်စင်မှုစနစ်တွေဘယ်သူ လမ်းညွှန်ပေးမှာလဲ။ ကလေးတွေ အာဟာရ ချို့တဲ့နေတာ။ နောင်ယန်းအင်းကို ပတ်ထားပြီး မိုးရာသီလိုအချိန်မှာတောင် ရေရှားတဲ့ တောင်ပေါ်ရွာလေးတွေ။ စမတ်ဖုန်းကိုင်တဲ့ လူတိုင်းသည် Zapya နဲ့ movie တွေကူး beauty camera နဲ့ ဓာတ်ပုံရိုက် သီချင်းနားထောင်အပြင် ဘာမှ ပိုအသုံးမဝင်ဘူး။ ကမ္ဘာကြီးရဲ့သတင်းအချက်အလက်တွေ သူတို့မသိဘူး။ အချိုမှုန့်ဟာ ဘေးဥပဒ်ဖြစ်စေတယ်လို့ ဘယ်ပညာရှင်မှ ပြောမထားဘူးလို့ ခပ်တည်တည်နဲ့ စကားနိုင်လုသွားတဲ့ ၃၅ နှစ်လောက်ရှိဦးမယ် ထင်ရတဲ့ မီးမီးခဲအရပ်နဲ့ အစ်ကိုကြီးဟာ အသက်ခြောက်ဆယ်ဆိုလို့ ကိုယ့်ရုပ်ကိုယ် မှန်ထဲပြေးကြည့်ရမလို ဖြစ်ခဲ့ရသေးတယ်။ အချိုမှုန့်ပါမှ ဘယ်လောက်ပိုစားကောင်းတယ်ဆိုတာ ကျနော်တို့ နာဂအများစုမသိကြသေးပါဘူးလို့ သူက အနိုင်မခံအရှုံးမပေးပြောသွားတယ်။ နာဂမျိုးနွယ်စုတွေ များလွန်းတော့ အဖေ အမေ ချွေးမ သမက်တွေ နာဂလို ပြောဆိုဖို့ အချင်းချင်း စကားမတူကြတော့ ဗမာလိုပြောတာများကြတယ်။ အဲဒါကြောင့် ရောက်ခဲ့ဖူးသမျှ တောင်ပေါ်ရွာလေးတွေမှာ ဗမာစကား ကုန်မသွားတဲ့သူတွေက နာဂလူမျိုးတွေဖြစ်ကြတယ်လေ။ ဒါပေမဲ့ အချိုမှုန့်ကောင်းကြောင်း အမွှန်းတင်တဲ့ အစ်ကိုကြီး ဦးလေးက ဆရာက ကိုယ့်ဘက်နိုင်အောင်ပြောရမယ်ဆိုလို့သာ ပြောရတာ။ အချိုမှုန့်က အရမ်းတော့မစားသင့်ဘူးလို့ ကျနော်ထင်ပါတယ်တဲ့။ အစ်ကိုကြီး အဲလေ ဦးလေးက ဘာလို့ အဲလိုထင်တာလဲ လို့မေးတော့ အရင်က ကျနော်တို့အချိုမှုန့်မစားတတ်ခင်က ခေါင်းကိုက်တာ ဇက်ကြောတက်တာ ခေါင်းမူးတာတွေ မဖြစ်ဘူးလေ။ ခု ခေါင်းကိုက်တာ သွေးတိုးတာတွေ ဖြစ်လာကြတယ်။ ဖြစ်တဲ့သူတွေက အချိုမှုန့်စားတဲ့သူတွေချည်း ဖြစ်နေလို့ပါတဲ့။ သူ့ရဲ့ အချိုမှုန့်ကောင်းကြောင်းအဖွဲ့က အဖွဲ့သားတွေလည်း နိုင်အောင်ပြောရမယ်ဆိုလို့သာ ပြောရတာ။ ကျမတို့ဘက်က လူတွေက စကားပြောကောင်းလို့သာ။ ဟိုအဖွဲ့က အားနာတတ်တဲ့သူတွေ စုနေလို့ပါဆရာတဲ့။ ပညာရှင်တွေ အချိုမှုန့်ဆိုးကျိုးတွေ ဘယ်လို ထောက်ပြထားတယ်ဆိုတာ သူတို့မသိပေမဲ့ သူတို့မှာ မဖြစ်စဖူးဖြစ်လာတဲ့ ထူးထူးခြားခြားဝေဒနာ အသစ်တွေဝါ အချိုမှုန့်ကြောင့်ဆိုတာကိုတော့ သူတို့ တွေးဆနိုင်ကြပါတယ်။ သူတို့ ဖြစ်နေကြတာ သူတို့ဘာလိုချင်သလဲ သိနိုင်ကောင်းပေမဲ့ မရတာအတွက် ဘယ်လို သည်းခံကျော်ဖြတ်လဲ။
ငါတို့က သွေးရင်းတွေလေလို့ ပြောရင် ဘယ်အချက်က သူတို့ကို ယုံကြည်စေမှာတဲ့လဲ။ ကိုယ်တိုင်တောင် နန်းယွန်းတုန်းက MPT ကျေးဇူးနဲ့ ပုံမမြင်ရတဲ့ viber ကို နောက်ဆုံးမြင်ခဲ့ရတာပဲ။ မြေပြန့်မှာ ကလေးတွေ မြစ်ကြီးနားမှာ အိမ်ထဲထိ ကျည်ဝင်လာလို့ ကလေးတွေသေတာ။ ဆန္ဒပြလူငယ်တွေပစ်ခံရတာ နေပြည်တော်အပါအဝင် တနိုင်ငံလုံးနီးပါး စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတာ သိခဲ့ တွေ့ခဲ့ ကြုံခဲ့တဲ့ကိုယ်တိုင်တောင် ပန်ဆောင်တောင်ကြားနားရောက်သွားချိန် ဘာဆိုဘာမှ မသိတော့ဘူး။
နောင်ယန်းအင်းပတ်လည်က သူတို့ နာဂလူမျိုးတွေဖြစ်ချင်တဲ့ ဆန္ဒတခုက နောင်ယန်းအင်းက ရေကြီးချိန် ရေကျတဲ့ထိ စောင့်ပြီးမှ လယ်လုပ်ရတော့ ဝမ်းစာမဖူလုံဖြစ်ရတာမို့ ရေနုတ်မြောင်းလေးတခု အစိုးရက လုပ်ပေးစေချင်တယ် ဆိုတာပါပဲ။ သူတို့မှာ လိုအပ်ချက်ကြောင့် လိုချင်တာ ရေနုတ်မြောင်းတခုလေးပါ။
ဒါကို နိုင်ငံတော်အစိုးရအဆက်ဆက်က သိလေခဲ့ကြသလား။ လုပ်ဖို့ကြိုးစားခဲ့သလား ဆိုတဲ့ မေးခွန်းရဲ့အဖြေကို သိချင်မိတယ်။ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်သွားချိန် ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံရတဲ့ ရခိုင်ပြည်နယ်လိုနေရာက သူတွေလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်ဆိုတာ သူတို့မအော်ဘူး။ အော်ရကောင်းမှန်းလည်းမသိဘူး။ သူတို့ဟာ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး အင်တာနက်အသုံးပြုပြီး လူမှုကွန်ရက်ဆက်သွယ်မှုစနစ် ကနေ လျင်မြန်လွယ်ကူစွာ ဆက်သွယ်ဆက်ဆံလိုက်ရ ဖုန်းတကောလေးနဲ့ လွယ်ကူချောမွေ့စွာ လူတိုင်းလုပ်နိုင်ခဲ့ဖူးကြတာတောင်မဟုတ်တော့ သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုတာတောင် သေချာတွေးမိရဲ့လားမသိဘူး၊ ဒီလိုအခြေအနေတွေမှာ တောင်ပေါ်မြေပြန့်မခွဲခြားပါဘူး။ နိုင်ငံတော်အစိုးရရဲ့ နယ်စပ်ဒေသတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးဘာညာ အရမ်းကောင်းပါတယ်။ တောင်တန်းသာသနာပြုတွေ ဘာတွေနဲ့ ဆရာတော်တွေ ကျောင်းဆောက် သာသနာပြုလုပ်လာကြတယ်။ အရမ်းကောင်းပါတယ်။ ဝမ်းသာစရာပေါ့။ သူတို့က ဘယ်သူ့ကိုမှ အပြစ်မတင်လေလေ၊ ကိုယ်က အပြစ်ရှိလေလေ ခံစားလာမယ့် အချိန် မရောက်စေချင်ဘူး။
မနက်ကနေ ဆိုင်ကယ်လေးစီး ညနေ ပန်ဆောင်ရောက် နာဂလူမျိုးတွေရဲ့ ဆုတောင်းပွဲမှာ ပါဆယ်ဆွဲ။ တည်းအိမ်ပြန်။ ကိုယ့်ဒေသရောက်ရင် ပြန်ကြွား။ အဲလိုပျော်စရာအချိန်တွေ အမြန်ရချင်တယ်။ ဖုန်းခေါ်လာတယ်နော်။ ဒါ သူတို့နန်းယွန်းရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ မနက်ဖြန်လောက် ပန်ဆောင်ပြန်မယ်ဆိုရင် ဖုန်းခေါ် နှုတ်ဆက်သွားလိမ့်မယ်။ သူတို့ပျော်တဲ့ ဆက်သွယ်မှုဧရိယာပြင်ပကို ပြန်သွားပြီဆိုတဲ့အတွေးနဲ့ နောက်တခါဖုန်းခေါ်လာဖို့ စောင့်ရင်း သတိရနေရတာ ခံရဆိုးတယ်လေ။ ၂၂ ထပ်လောက်ရှိတဲ့ ကွေ့ကြီးကိုဖြတ်ပြီး ပတ်ကွိုင်တောင်တနိးကြီးကို နှုတ်ဆက်ခဲ့ချိန်ကို တွေးမိတော့ သူတို့လက်ပြကျန်ရစ်ခဲ့ပေမဲ့ ဖုန်းခေါ်နော်လို့ မပြောနိုင်ကြရှာဘူး။ ဆုတောင်းပေးမယ်နော်တဲ့။ သူတို့က မြစ်ကြီးနား ပြန်မယ့်ကိုယ့်ကို ဆုတောင်းပေးမယ်နော်တဲ့။ မြေပြန့်မှာ တော်လှန်ရေးဖြစ်နေတယ်ဆိုတာ မသိနိုင်တဲ့ သားချင်းတွေရဲ့ မေတ္တာတရားချစ်ခြင်းစကားကတော့ ရင်ထဲကျွံဝင်သွားရုံမက တစိမ့်စိမ့်နဲ့ ကြေကွဲရတဲ့စကား။ အော်...ဆက်သွယ်မှုဧရိယာပြင်ပ နာဂ ဒေသလေးရယ်လို့ပဲ....ရေရွတ်နိုင်တော့တယ်။
ဒီးဆိုင်း




