
တိုင်းရင်းသားတွေ၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီး လုပ်နေလို့ မရဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် တချို့အချက်တွေကို သဘောတူညီပြီးဖြစ်လို့ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ဖြစ်နိုင်တာကိုပဲ တောင်းဆိုပြီး မဖြစ်နိုင်တာတွေကို မလုပ်ကြဖို့ ပြောတာဖြစ်တယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောဆိုလိုက်တာပါ။
“ကျနော် ၂၀၂၁ ခုနှစ် နိုင်ငံရေးတာဝန်ယူပြီးတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ တွေ့ဆုံဆွေးနွေးထားတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်ကိုယ်တိုင်သော်လည်းကောင်း၊ ကျနော့်ကိုယ်စား ကိုယ်စားလှယ်တွေနဲ့သော် လည်းကောင်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးတော့မှ ဟုတ်ပြီ၊ အခြေခံဥပဒေပြင်ဖို့အတွက် ကျနော် တချို့ဟာတွေ သဘောတူညီချက်ကို ပေးပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ချင်ပါတယ်။ ကျနော့်ရဲ့ဆန္ဒက တိုင်းပြည်အေးချမ်းပြီးတော့မှ တိုးတက်တဲ့တိုင်းပြည် ဖြစ်ချင်တယ်။ ဘာဖြစ်လို့ ကျနော်တို့ ကျန်ခဲ့မှာလဲ။ ဒါကြောင့် ကျနော်တို့ လုပ်ပေးမယ်။ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဖို့၊ လုပ်ကြဖို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီးတော့မှ လုပ်နေလို့ မရပါဘူး။”
အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဦးတည်ချက်ကို မှန်မှန်ကန်ကန်လုပ်ဖို့ လိုအပ်ပြီး တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ တောင်းဆိုချက်တွေ လုပ်တဲ့အချိန်မှာ နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်မှာ ပြောတာ အကောင်းဆုံးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“အချိုးကျ ကိုယ်စားပြုစနစ် ဒီဟာလေး ကျနော်တို့ စဉ်းစားခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ပြီးခဲ့တဲ့ ဒီရွေးကောက်ပွဲရလဒ်တွေကိုတော့ သုံးသပ်ပြီးတော့မှ လာမယ့်ရွေးကောက်ပွဲကျလို့ရှိရင် ရွေးကောက်ပွဲပုံစံလေး ပြောင်းပြီး လုပ်ကြမယ်ဆိုပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံရေးပါတီတွေအားလုံး သဘောတူညီချက်နဲ့ လုပ်တာဖြစ်ပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပြီး အချိုးကျ ကိုယ်စားပြုစနစ် ပါမှာဖြစ်လို့ တိုင်းရင်းသားတွေ အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့၊ ရွေးကောက်ပွဲမှာ မဲပေးဖို့ သွေးဆောင် ပြောဆိုနေတဲ့သဘော ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
နိုင်ငံရေးလေ့လာသူတယောက်က “သူတို့ပြောတဲ့ PR ဆိုတာ လေထဲကပဲ။ အာပဲ ရှိတာ။ အရေးမကြီးတဲ့ နေရာတွေမှာ PR စနစ်တွေ လုပ်ဖို့ ပါတယ်ဆိုပေမဲ့ တကယ်တမ်းမှာ နိုင်သူအကုန်ယူစနစ်က ၇၅ ရာခိုင်နှုန်းလောက် ရှိနေတာလေ။ ဒီရွေးကောက်ပွဲ လုပ်ပေမဲ့လည်း တိုင်းရင်းသားတွေ အရေးကိစ္စ၊ ဖက်ဒရယ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေဟာ ထင်သလို ဖြစ်မလာနိုင်ဘူး။ ဘာမှ ခရီးမပေါက်ဘူး။ အခု ဒီနေ့ပြောတဲ့ စကားကိုကြည့်ရင် တိုင်းရင်းသားတွေ အာမချောင်နဲ့၊ တောင်းချင်တာ မတောင်းနဲ့။ ပေးတာကိုပဲ ယူဆိုတဲ့ သဘောပဲလေ” လို့ DVB ကို ပြောပါတယ်။




