Home
မြန်မာသတင်း
တံတားလာကြည့်မည့် စစ်ခေါင်းဆောင်ကြောင့် ရန်ကုန်-ဒလ ကူးတို့ဆိပ်ပိတ်၊ ပြည်သူများ အခက်တွေ့
DVB
·
October 10, 2025

စစ်ခေါင်းဆောင်ရဲ့ တံတားကြည့်ခရီးစဉ် ရှိနေတယ်ဆိုပြီး  ရန်ကုန်နဲ့ ဒလကို ကူးနေတဲ့ စက်လှေနဲ့ သမ္ဗန် ကူးတို့ဆိပ်တွေကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက် မနက်မှာ ယာယီပိတ်ပင်လိုက်တာကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့ကြရတယ်လို့ ဒလမြို့ကနေ ရန်ကုန်မှာ အလုပ်သွားလုပ်နေသူတွေဆီက သိရပါတယ်။

စက်လှေနဲ့ သမ္ဗန်ဂိတ်တွေက ပုံမှန်ပြေးဆွဲနေတာဖြစ်ပေမဲ့ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက ဒလနဲ့ ရန်ကုန် ကူးနေတဲ့ သမ္ဗန်တွေ အားလုံးကို လူကြီးခရီးစဥ် ရှိလို့ဆိုပြီး ပိတ်လိုက်တာလို့ ဆိုပါတယ်။

ဒလမြို့ခံတယောက်က “ဒလနဲ့ ရန်ကုန်ကူးတဲ့ တံတားသစ်ကို မင်းအောင်လှိုင် လာမယ်ဆိုလို့ မြစ်ကြောင်းတလျှောက်မှာရှိတဲ့ စက်လှေ သမ္ဗန်ဆိပ်တွေ အားလုံး ပိတ်တာလို့ သိရတယ်။ သင်္ဘောတော့ မပိတ်ဘူး။ မြစ်ထဲမှာလည်း စစ်သင်္ဘောအသေးတွေနဲ့ လုံခြုံရေးယူထားတယ်။ အလုပ်က ရန်ကုန်မှာဆိုတော့ နေ့စဉ် သမ္ဗန်နဲ့ သွားနေရတာလေ။ အင်းစိန် ငါးစျေးမှာ အလုပ်က၊ မနက်က သမ္ဗန်တွေ ပိတ်လိုက်တော့ အလုပ်မဆင်းရဘူး။ အခက်တော့ တွေ့တာပေါ့။ သင်္ဘောနဲ့သွားရင်တော့ ရတယ်။ ဒါပေမဲ့ သင်္ဘောက လူအရမ်းများပြီး အစစ်ဆေးကလည်း များတော့ အလုပ်ချိန်မီမှာ မဟုတ်လို့ အလုပ်မဆင်းရဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့နယ်ထဲမှာ ဒလမြို့ကနေ အလုပ်သွားလုပ်ရတဲ့ ဒလမြို့ခံတွေက လူကြီးခရီးစဥ်တွေ မကြာခဏရှိလို့ သမ္ဗန်နဲ့ စက်လှေဆိပ်ပိတ်လို့ အလုပ်မဆင်းရတာတွေ မကြာမကြာ ဖြစ်နေပြီး စစ်တပ်က အကြောင်းအမျိုးမျိုးပြကာ မြစ်ကြောင်းတလျှောက်ကို ပိတ်ပင်စစ်ဆေးတာတွေပါ လုပ်နေတယ်လို့ ဒလမြို့ခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်ရှိနေတာကြောင့်  ရန်ကုန်မြို့နယ်ထဲက မြို့နယ်တချို့မှာလည်း လုံခြုံရေးပိုမိုတင်းကျပ် ချထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013