
နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို ပြည်ထောင်စုအကျိုးကို ရည်မှန်းပြီး အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ၆ ရက်ကြာ ခရီးစဉ်အပြန် လေယာဉ်ပေါ်မှာ စစ်ခေါင်းဆောင်က သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကို ပြောကြားခဲ့တာပါ။
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို တည်ဆောက်သည့်အခါ ပြည်သူပြည်သားတွေ အနေနဲ့လည်း ဒီလုပ်ငန်းစဉ်များ အောင်မြင်ဖို့ ဘယ်လိုတွေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သင့်သလဲဆိုတာကို မေးတဲ့အခါ စစ်ခေါင်းဆောင်က ပြောပါတယ်။
“အဓိကတော့ ကျနော်တို့က ဘက်ပေါင်းစုံက ကြိုးစားဖို့ လိုတယ်။ တဖက်ကလည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေလည်း ပြည်ထောင်စုရဲ့အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ ပြောဆိုနေကြတာတွေက အားနည်းချက်က ရှိတယ်လို့ ကျနော် မြင်တယ်။ အဓိကတော့ သူတို့နိုင်ငံရေးအရ ဘာသာရေးအရ တိုင်းရင်းသားရေးအရ တချို့ပြောဆိုနေတာ လေးပေါ့။ ပြောဆိုတာလေးတွေက ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ်ကိုင်မယ်ဆို ပိုကောင်းမယ်လို့ ကျနော်တို့ မြင်ပါတယ်။”
မြန်မာ့နိုင်ငံရေးလေ့လာနေသူ တယောက်ကတော့ အဲဒီလို ပြောပြချက်ကိစ္စဟာ ရိုဟင်ဂျာ အရေးကိစ္စ ဖြစ်တယ်လို့ မြင်တဲ့အကြောင်း DVB ကို ပြောပြပါတယ်။
“မြန်မာနိုင်ငံမှာက ရိုဟင်ဂျာမွတ်ဆလင် အများစုက ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာကို လိုလားသူ နည်းတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ ပြီးခဲ့တဲ့ အစိုးရအသီးသီးရဲ့ လက်ထက်မှာ သူတို့ရဲ့ ကိုးကွယ်မှုအတွက် လွတ်လပ်တဲ့ အခြေအနေတခုကို မရခဲ့ဘူး။ အရပ်သားအစိုးရ ပေါ်ပေါက်လာပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ကန့်သတ်ချက်တွေက နိုင်ငံကိုယ်စားပြုဘာသာ ရှိနေတာကြောင့်လည်း အဲဒီလို အနေအထား ဖြစ်ခဲ့တယ်။ ဒါကြောင့် ရွေးကောက်ပွဲလုပ်ပြီးရင်လည်း မွတ်ဆလင်အသိုက်အဝန်းက လက်ရှိအခြေအနေထက် ထူးခြားတာရှိမလာနိုင်ဘူးဆိုတဲ့အတွက် ရွေးကောက်ပွဲ ကိစ္စတွေမှာ သိပ်ပြီး လိုလိုလားလား မရှိတာကို မင်းအောင်လှိုင်က သိနေလို့ အဲလို ပြောတာလို့ပဲ သုံးသပ်မိပါတယ်။”
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားသမ္မတ ပူတင်နဲ့ သီးခြားတွေ့တဲ့အခါ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပထမဦးဆုံးအနေနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဒါတွေကို ကျနော်တို့ ဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ကာဇက်စတန်သမ္မတနဲ့လည်း တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ ပညာရေး၊ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။




