Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ဗိုလ်ချုပ် ၃ ဦးကို ရာထူးတိုးပေးပြီး တပ်တွင်းအပြောင်းအလဲများလုပ်
DVB
·
September 25, 2025

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်ချုပ်ကျော်ကိုထိုက်၊ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်မိုးမြင့်ဆွေတို့ကို ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးပေးပြီး တပ်တွင်းနေရာအပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

စစ်တပ်ရဲ့အသက်သွေးကြောဖြစ်တဲ့ ကက(ထုတ်) လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် နေရာကို စစ်ခေါင်းဆောင်က သူ့ရဲ့လူယုံ ဗိုလ်ချုပ်မိုးမြင့်ဆွေကို တာဝန်ပေးခဲ့လို့ ဝေဖန်မှုတွေရှိသလို တက်သစ်စ ဗိုလ်ချုပ်တွေ နေရာပေးတဲ့အတွက် ထောက်ခံသူတွေလည်း ရှိပါတယ်။

ဒုဗိုလ်ချုပ်ကြီးဖြစ်သွားတဲ့ ဗိုလ်ချုပ်ကျော်ကိုထိုက်ကို လေကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်ခဲ့သလို ဗိုလ်ချုပ်မျိုးမင်းထွန်းကိုလည်း စစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့်ခဲ့ပြီး လစ်လပ်သွားတဲ့ လပခတိုင်းမှူး နေရာကို ဗန်းမော်အခြေစိုက် အမှတ် ၂၁ စကခမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်ကို ခန့်ခဲ့ကာ ရလခတိုင်းမှူးနေရာကို တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးကို ခန့်ခဲ့ပါတယ်။

နေပြည်တော်စစ်ဘက်နဲ့ နီးစပ်သူတယောက်က “ရာထူးတိုးတာ ဗိုလ်ချုပ် ၃ ဦးနဲ့ ဗိုလ်မှူးချုပ် ၁ ဦးပဲ ကျန်တာက ရှိပြီးသား ရာထူကြီးတွေ နေရာအရွှေ့အပြောင်းလုပ်တာ။ အရင်လကလည်း ဗိုလ်ချုပ် ၁ ဦး၊ ဗိုလ်မှူးချုပ် ၂ ဦး ရာထူးတိုးတယ်။ တိုင်းမှူးနေရာကို စကခမှူးကို ခန့်တာက သွေးသစ်လောင်းတဲ့သဘော။ လူပြောများတာ တခုပဲ ရှိတယ်၊ ကက(ထုတ်)ရာထူးကို ဗိုလ်ချုပ်မိုးမြင့်ဆွေကို ပေးလိုက်တဲ့ကိစ္စ တပ်တွင်း အတော်လေး ဂယက်ရိုက်သွားတယ်” လို့ ပြောပါတယ်။

ကစထမှူး ၆ ယောက်ထဲမှာ ကစထမှူး ၂ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးနဲ့ ကစထမှူး ၃ ဒုဗိုလ်ချုပ်ကြီးတေဇကျော်တို့ကို အရန်အင်အားပို့ပြီး ကစထမှူး ၁ မှာ ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ကစထမှူး ၂ ဒုဗိုလ်ချုပ်ကြီးဇော်မင်းလတ်၊ ကစထမှူး ၄ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ကစထမှူး ၅ ဒုဗိုလ်ချုပ်ကြီးကိုကိုဦး တို့ ဖြစ်ပြီး ကစထမှူး ၃ နဲ့ ၆ နေရာအတွက် ဘယ်သူ့ကို ခန့်မယ်ဆိုတာ မသိရသေးပါဘူး။

စက်တင်ဘာ ၃ ရက်ကလည်း ရပခတိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်ကို ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးပေးပြီး ကစထမှူး ၅ အဖြစ် ခန့်ခဲ့သလို ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ရပခတိုင်းမှူးနဲ့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို ဗိုလ်ချုပ်အဆင့်တိုးပေးပြီး ကက(ငွေ) ငွေစာရင်းရုံးမှာ ညွှန်ချုပ်အဖြစ် ခန့်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ဇူလိုင်လကုန်ပိုင်းကစပြီး စက်တင်ဘာလအတွင်း ရာထူးတိုးပေးတာ၊ အရန်အင်အားပို့တာနဲ့ အငြိမ်းစားပေးပြီး ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ခိုင်းတာတွေ ရှိနေပါတယ်။

ဇူလိုင် ၃၁ ရက်မှာ စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ပြန်ဖွဲ့ရာမှာ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ မိုးအောင်နဲ့ ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ဗိုလ်ချုပ်ထင်ကျော်သူ တို့ကို အနားပေးပြီး အရပ်ဘက်ကို ပို့လိုက်ပါတယ်။

ဒီလိုတွေလုပ်ဆောင်တာဟာ အာဏာကို လက်မလွှတ်နိုင်သေးတဲ့ စစ်ခေါင်းဆောင်အနေနဲ့ နောင်လာမယ့် အစိုးရသစ်မှာ တပ်က အသက်ကြီးပိုင်း အငြိမ်းစားတွေနဲ့ တက်သစ်စ ဗိုလ်ချုပ်တွေကို ပေါင်းပြီး နိုင်ငံကို စစ်တပ်ကပဲ ဆက်ပြီးအုပ်ချုပ်စေချင်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

“ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနိုင်ရင်တောင် အာဏာအပြည့်အဝမရဘူး။ ဝန်ကြီးဌာန ဘယ်နေရာကို ကြံ့ခိုင်ရေးက ဘယ်လောက်ယူ၊ တပ်က အငြိမ်းစားတွေက ဘယ်လောက်ယူ ဆိုပြီးသွားမှာ။ ဒါမှ နောင်တက်လာမယ့် စစ်တပ်က ဗိုလ်ချုပ်အသစ်တွေနဲ့ အဆင်ပြေမှာ။”

အငြိမ်းစားဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အပါအဝင် အငြိမ်းစားအရာရှိ ၄၀၀ နီးပါးကို စစ်ခေါင်းဆောင်က ကြံ့ခိုင်ရေးပါတီဆီ စေလွှတ်ခဲ့တဲ့သတင်း ပျံ့နှံ့နေပေမဲ့ ပါတီဘက်ကရော စစ်တပ်ဘက်ကပါ ထုတ်ပြန်တာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013