Home
အနုပညာ
နိုင်ငံသားအဖြစ်က ရပ်စဲခံထားရတဲ့ ပြည်သူချစ်သော အနုပညာရှင်များ 
DVB
·
October 2, 2025

မြန်မာ့ရုပ်ရှင်လောကရဲ့ မဏ္ဍိုင်တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဦးဇင်ဝိုင်းဟာ အခုအခါမှာ အိမ်ပြင်ကို သိပ်မထွက်ဖြစ်တော့ပါဘူး။ စစ်အုပ်စုကို အချိန်ကြာမြင့်စွာ ဝေဖန်ခဲ့သူတဦး ဖြစ်တဲ့ သူဟာ သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင် နှစ်ကြိမ် ကျခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်မှာတော့ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

ဇွန်လမှာတော့ စစ်အုပ်စုက သူ့ရဲ့နိုင်ငံသားအဖြစ်ကို ရပ်စဲလိုက်တာကြောင့် သူဟာ နိုင်ငံမဲ့တယောက် ဖြစ်သွားခဲ့ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်မရှိဘဲ နေထိုင်နေရပါတယ်။ သူ့ကို မလိုလားတဲ့သူတွေ မြင်သွားပြီး အာဏာပိုင်တွေကို တိုင်လိုက်မှာ စိုးရိမ်ကြောင်း၊ ဒါကြောင့် အထိတ်တလန့် နေရကြောင်း သူက ပြောပါတယ်။

“အခုနောက်ပိုင်းမှာ မြန်မာတွေ အရမ်းများလာတယ်။ ဘယ်သူက ဘာလဲဆိုတာ မသိနိုင်တော့ဘူး” လို့ သူက ABC သတင်းဌာနကို ပြောပါတယ်။

“တကယ်လိုအပ်မှပဲ အပြင်ထွက်တယ်၊ ဒါပေမဲ့ အိမ်ထဲမှာနေတာတောင် လုံခြုံတယ်လို့ မခံစားရဘူး”

လက်နက်တခုလို အသုံးချခံနေရတဲ့ နိုင်ငံသားဖြစ်မှု

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာသိမ်းခဲ့ပြီး နိုင်ငံကို ပြည်တွင်းစစ်ထဲ တွန်းပို့ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စစ်အုပ်စုဟာ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ ပြည်သူတွေကို အကျဉ်းချထားသလို နိုင်ငံရေးအတိုက်အခံတွေကိုလည်း စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံသားဖြစ်မှု ဆိုတာ သူတို့ရဲ့ လက်နက်တွေထဲက တခုပါပဲ။  စစ်ကောင်စီဟာ အဲဒီလက်နက်ကို အသုံးပြုပြီး အတိုက်အခံ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဝေဖန်သူ ဒါဇင်ပေါင်းများစွာကို နိုင်ငံမဲ့ဖြစ်အောင် လုပ်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့လုပ်ရပ်တွေကို “နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး နိုင်ငံကနေ တရားမဝင် ထွက်ခွာသွားတယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကို တွေ့ရှိရတယ်” ဆိုပြီး အကြောင်းပြချက်ပေးပါတယ်။

International Crisis Group ရဲ့ မြန်မာ့အရေးဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟော်ဆေးက စစ်ကောင်စီဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေထဲက အချက်တချက်ကို အသုံးပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ပစ်မှတ်ထားခံရသူတွေဟာ အများအားဖြင့် ပြည်ပမှာ တိမ်းရှောင်နေထိုင်ကြရပါတယ်။ သူတို့ရဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေကို အရင်ကတည်းက ဖျက်သိမ်းခံထားရတာပါ။ ဒါကြောင့် သူတို့ဟာ တခြားနိုင်ငံတွေရဲ့ ခရီးသွားလက်မှတ်တွေကို အားကိုးပြီး ခရီးသွားလာနေရသူတွေ ဖြစ်လာပါတယ်” လို့ သူက ပြောပါတယ်။

ဒီနှစ် ဇွန်လမှာတော့ နိုင်ငံရဲ့ အထင်ရှားဆုံး အနုပညာရှင်တချို့ အပါအဝင် သရုပ်ဆောင်၊ အဆိုတော်နဲ့ ပန်းချီဆရာ ၁၃ ယောက်ကို ဒီစာရင်းထဲ ထပ်ထည့်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဦးဇင်ဝိုင်းလည်း တယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကြိမ်ကြိမ်ရရှိထားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် နှစ်ကြိမ်တိုင် တာဝန်ယူခဲ့တဲ့သူဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ကာလကတည်းက စစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပြီး အဲဒီတုန်းက တနှစ်ကြာ ထောင်ကျခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက်မှာလည်း နောက်တကြိမ် အကျဉ်းချခံခဲ့ရပါတယ်။ နောက်ထပ် ဆန္ဒမပြတော့ပါဘူးလို့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းပြီးမှသာ နေအိမ် အကျယ်ချုပ်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

သူ့သားဖြစ်သူ မင်းမော်ကွန်းရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သူနဲ့ သူ့မိသားစုကို ဆက်လက်ခြိမ်းခြောက်လာပါတယ်။ အဲဒီအခါမှာတော့ သူဟာ ဇနီးဖြစ်သူ ဒေါ်ခင်နွယ်နွယ်ထွန်းနဲ့ အတူ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။ အခုတော့ သူ့သားတွေနဲ့ ဒီမိုကရေစီကွန်ရက်တွေရဲ့ ထောက်ပံ့မှုကို အားကိုးပြီး နေထိုင်နေရပါတယ်။

အကယ်၍ မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် ထောင်ထဲမှာ နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရမှာပဲလို့ သူက ဆိုပါတယ်။

“ဖြစ်နိုင်ခြေအများဆုံးကတော့ ကျနော် အသတ်ခံရမှာပဲ” လို့ သူက ပြောပါတယ်။

“ကျနော် ပြည်တွင်းမှာ ရှိနေတုန်းကတောင် သူတို့က ကျနော့်မိသားစုတစုလုံးကို ရန်ရှာမယ်လို့ ခြိမ်းခြောက်ပြီးသားပါ။"

စစ်အုပ်စုဟာ ၁၉၈၈ အရေးအခင်းကာလကတည်းက နိုင်ငံရေးအတိုက်အခံတွေကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲခဲ့တဲ့သမိုင်း ရှိပါတယ်။

နိုင်ငံရဲ့ ရိုဟင်ဂျာလူနည်းစုတွေကလည်း ကိုယ့်နိုင်ငံမှာ ကိုယ်နေရင်း နိုင်ငံမဲ့ဖြစ်အောင် နိုင်ငံသားအခွင့်အရေးကို အချိန်ကြာမြင့်စွာ ငြင်းပယ်ခံထားရပါတယ်။

Human Rights Watch က အာရှဆိုင်ရာ သုတေသီ ရှေနာဘောက်ခ်ျနာက “စစ်ကောင်စီရဲ့ မတော်မတရား အလွဲသုံးစားလုပ်မှုတွေကို ဝေဖန်ထောက်ပြတဲ့အတွက် ဝေဖန်သူတွေကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တာလို့ ဆိုပါတယ်။ ဒါဟာ ဝေဖန်သူတွေကို အထီးကျန်ဖြစ်အောင်နဲ့ ဖိနှိပ်ဖို့ ကြိုးစားမှုတခု ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံထဲကနေ လူအများအပြား ထွက်ပြေးနေကြတာနဲ့အမျှ စစ်အုပ်စုဟာ မြန်မာနိုင်ငံ ပြင်ပက အတိုက်အခံ လှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ နည်းလမ်းတွေ ပိုရှာလာနေပါတယ်” လို့ သူက ဆိုပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒါမှမဟုတ် နိုင်ငံရေးကြောင့် နိုင်ငံသားအဖြစ်ကနေ ရပ်စဲတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး ပစ်မှတ်ထားခံရသူတွေကို နိုင်ငံမဲ့ ဖြစ်စေပါတယ်။ ဒါဟာ အလုပ်လုပ်ဖို့၊ ပညာသင်ကြားဖို့ ဒါမှမဟုတ် လွတ်လပ်စွာ သွားလာဖို့ မဖြစ်နိုင်တော့တဲ့ အန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရအောင် လုပ်တာပါပဲ။"

“သူတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်တွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ ပြည်သူ သန်းပေါင်းများစွာဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ပြီး လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်”

မစ္စတာဟော်ဆေးက နိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းတာ ဒါမှမဟုတ် သက်တမ်း မတိုးပေးတာဟာ ပိုပြီးကျယ်ပြန့်တယ်လို့ ထောက်ပြပါတယ်။

“ဒါက မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရသူတွေ ဒါမှမဟုတ် အာဏာသိမ်းချိန်မှာ ပြည်ပ ရောက်နေသူတွေကို မရေရာတဲ့ အခြေအနေတွေထဲ တွန်းပို့ပေးလိုက်တာပါ။ ဥပမာ- ခရီးမသွားနိုင်တာ၊ ဒေသခံ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ချိုးဖောက်ရာရောက်နေတာ၊ တချို့ဆိုရင် မြန်မာပြည် ပြန်ပို့ခံရပြီး ပြင်းထန်တဲ့ လက်စားချေမှုတွေနဲ့ ရင်ဆိုင်နေရတာမျိုးအထိ ကြုံတွေ့နေရပါတယ်” လို့ သူက ပြောပါတယ်။

‘မြန်မာပြည်ရဲ့ Lady Gaga’

အဆိုတော် ဖြူဖြူကျော်သိန်းဟာလည်း ဇွန်လမှာ နိုင်ငံသားအဖြစ်ကနေ ရပ်စဲခံခဲ့ရတဲ့ အနုပညာရှင် ၁၃ ယောက်ထဲက တယောက် ဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ စင်မြင့်ဝတ်စုံတွေနဲ့ မျက်နှာဖုံးတွေကြောင့် သူ့ကို တခါတရံ မြန်မာပြည်ရဲ့ Lady Gaga လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဖြူဖြူကျော်သိန်းဟာ နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သူ ဖြစ်ပြီး အာဏာမသိမ်းခင်ကတည်းက စစ်တပ်ရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသူပါ။

၂၀၂၁ ခုနှစ်မှာတော့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ ဗီဒီယိုတွေ ပါဝင်တဲ့ သူ့ရဲ့ ‘မျက်ရည်’ ဆိုတဲ့သီချင်းဟာ လူသိများသွားပြီးနောက် စစ်ကောင်စီက သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

သူ့အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမလား၊ ဒါမှမဟုတ် ထွက်ပြေးမလား ဆိုတာကို ရွေးချယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျမရဲ့ ပရိသတ်တွေနဲ့ ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့  အကြမ်းဖက်စစ်ကောင်စီရဲ့ သွေးစွန်းလက်တွေကိုတော့ ကျမ လက်မခံနိုင်ခဲ့ဘူး” လို့ ဖြူဖြူကျော်သိန်းက  ပြောပါတယ်။

လပေါင်းများစွာ မြန်မာပြည်ထဲမှာ ပုန်းရှောင်နေခဲ့ပြီးနောက် အန္တရာယ်များတဲ့ လမ်းကြောင်းကနေ ထွက်ပြေးခဲ့ရပါတယ်။

“မိုးရွာတဲ့ ညတညမှာ သတ္တိမွေးပြီး တရားမဝင်လမ်းကြောင်းကနေ နယ်စပ်ကို ဖြတ်ကျော်ခဲ့တယ်” လို့ သူက ပြောပါတယ်။

“ပြင်သစ်နိုင်ငံရဲ့ အကာအကွယ်မရခင်အထိ ထိုင်းနိုင်ငံမှာ နောက်ထပ် လအနည်းငယ် ပုန်းရှောင်နေခဲ့ရပါတယ်။”

ပြည်ပကို ရောက်သွားပြီးနောက် ဖြူဖြူကျော်သိန်းဟာ ပြည်တွင်းမှာ နေရပ် စွန့်ခွာနေရသူတွေအတွက် ရန်ပုံငွေရှာဖွေဖို့နဲ့ မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်နေအောင် ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာတော့ သူဟာ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပြီး New South Wales လွှတ်တော်မှာလည်း စကားပြောခဲ့ပါတယ်။

သူ့ရဲ့ ရန်ပုံငွေရှာဖွေမှု အောင်မြင်တာကြောင့် ပစ်မှတ်ထားခံရတာလို့ သူက ယုံကြည်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ပိုကျယ်ပြန့်တဲ့ ရည်မှန်းချက်ကတော့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကို ချိုးဖျက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမတို့ လူ့အဖွဲ့အစည်းက အနုပညာရှင်တွေကို အသည်းစွဲကြတယ်” လို့ သူက ပြောပါတယ်။

“Soft Power ကစားပွဲတွေမှာ ကျမတို့က အရေးပါတဲ့ ကစားသမားတွေပဲလေ။”

“ကျမတို့ ထိခိုက်သွားရင် ပြည်သူတွေ စိတ်ဓာတ်ကျမယ်။ စစ်ကောင်စီက ဒါဟာ တော်လှန်ရေးတခုလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်တယ်လို့ ထင်နေတာပါ။”

နိုင်ငံသားဖြစ်မှုမရှိဘဲ မရေရာတဲ့ဘဝ

ရုပ်ရှင်မင်းသားနာမည် ဒေါင်းလို့ လူသိများတဲ့ သူရအောင်ကတော့ စစ်ကောင်စီကို ဝေဖန် ပြောဆိုခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာ နိုင်ငံသားအဖြစ်ကနေ အစောဆုံး ရပ်စဲခံခဲ့ရတဲ့ အနုပညာရှင်တွေထဲက တယောက် ဖြစ်ပါတယ်။

ဘောလုံးသမားဟောင်းဘဝကနေ  ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာတဲ့ သူဟာ အာဏာသိမ်းချိန်တုန်းက ထိုင်းနိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးနေတုန်း ဖြစ်ပါတယ်။

သူဟာ ထိုင်းနိုင်ငံမှာပဲ ဆက်နေခဲ့ပြီး ချက်နိုင်ငံကနေ လူသားချင်းစာနာမှုဗီဇာကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံသားမရှိတဲ့ ဘဝက မရေရာဘူးလို့ သူက ဆိုပါတယ်။

“ကျနော့်မှာ ခရီးသွားလာခွင့်လက်မှတ်တွေ ရှိပေမဲ့ အဲဒါတွေက နိုင်ငံကူးလက်မှတ်လောက် မခိုင်မာဘူး” လို့ သူက ပြောပါတယ်။

အခက်အခဲကြုံလာရင် အကူအညီတောင်းဖို့ သံရုံး ဆိုတာ မရှိဘူးလို့ သူက ဆိုပါတယ်။

“ကျနော် ခရီးသွားတိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ကျနော့်ကို မေးခွန်းထုတ်ကြတယ်” လို့ သူက ပြောပါတယ်။ 

“ကျနော်က ဘယ်နိုင်ငံရဲ့ နိုင်ငံသားမှ မဟုတ်တဲ့အတွက် ရဲကို ကြောက်တယ်”

ကွဲကွာနေတဲ့ မိသားစု

ဦးဇင်ဝိုင်းအတွက်တော့ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးရတာဟာ လုံခြုံရေးအတွက်တင်မဟုတ်ဘဲ မိသားစုအတွက်လည်း သက်ရောက်မှု ရှိပါတယ်။

ကင်ဘာရာမြို့ (ဩစတြေးလျနိုင်ငံကမြို) မှာ သားနှစ်ယောက် ရှိပါတယ်။ အဲဒီထဲက တယောက် ဖြစ်တဲ့ သရုပ်ဆောင်နဲ့ ဂီတပညာရှင် မင်းမော်ကွန်းဟာ ၂၀၂၁ ခုနှစ်မှာ ဩစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်ရခဲ့ပါတယ်။

ဦးဇင်ဝိုင်းဟာ ဩစတြေးလျ လူသားချင်းစာနာမှု ဗီဇာကို နှစ်ကြိမ် လျှောက်ထားခဲ့ပြီး ၂၀၂၁ ခုနှစ်က ပထမအကြိမ် ပယ်ချခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာ တင်သွင်းခဲ့တဲ့ ဒုတိယအကြိမ် လျှောက်လွှာအတွက် အစိုးရရဲ့ အကြောင်းပြန်ကြားချက်ကို အခုထိ စောင့်ဆိုင်းနေရဆဲပါပဲ။

သရုပ်ဆောင်နဲ့ တက်ကြွလှုပ်ရှားသူတယောက်လည်း ဖြစ်တဲ့ မင်းမော်ကွန်းက သူ့အဖေရဲ့ အခြေအနေက အလွန်ဆိုးရွားနေတယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့ အခြေအနေကြောင့် အခု ထိုင်းမှာ နေထိုင်နေရတဲ့ ပုံစံက တခြားသူတွေနဲ့ ယှဉ်ရင်တောင်မှ အလွန်အမင်း ကန့်သတ်ခံထားရပါတယ်” လို့ သူက ပြောပါတယ်။

ဦးဇင်ဝိုင်းကတော့ သူ့သားသမီးတွေ ရှိနေတာကြောင့်တင်မဟုတ်ဘဲ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မယ့် နိုင်ငံတနိုင်ငံအဖြစ် မြင်တဲ့အတွက် ဩစတြေးလျက သူ့ကို နောက်ဆုံးမှာ လက်ခံလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“ကျနော့်အသက်အရွယ်မှာ မိသားစုထောက်ပံ့မှုမရှိဘဲ ကျနော်နဲ့ ကျနော့်ဇနီး နှစ်ယောက်တည်း နေထိုင်ဖို့က အရမ်းခက်ခဲပါတယ်” လို့ သူက ပြောပါတယ်။

“ကျနော် အလိုချင်ဆုံးကတော့ ကြောက်ရွံ့မှုတွေရှိတဲ့ရပ်ဝန်းကနေ ထွက်ခွာပြီး ကိုယ် ချစ်တဲ့သူတွေရဲ့ နွေးထွေးမှု၊ ထောက်ပံ့မှုတွေကြားမှာ နေထိုင်ခွင့်ရဖို့ပါပဲ။”

ဝီလ်ဂျက်ဆင်

Ref: ABC

(ဩစတြေးလျအခြေစိုက် ABC သတင်းဌာနတွင် Will Jackson ရေးသားထားသည့်  “Myanmar junta revoking citizenship of actors, singers and other celebrities” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024