Home
ဆောင်းပါး
တူညီစိတ်ဓာတ် ခိုင်ခိုင်ရပ်
DVB
·
September 16, 2025

မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးသည် အရှိန်မြင့်လာသည်နှင့်အမျှ အာဏာလု စစ်အုပ်စုသည် ၂၀၂၃-၂၀၂၄ ခုနှစ်များအတွင်းတွင် ပြိုလဲလုနီးပါး အခြေအနေသို့ ဦးတည်နေ၏။ ထိုအခြေအနေတွင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ မြန်မာပြည်နိုင်ငံ‌ရေးအပေါ် ၀င်ရောက် စွက်ဖက်မှုသည် အကျိုးသက်ရောက်မှု များစွာရှိလာခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်းတို့အကျိုးစီးပွားအရ မြန်မာစစ်အုပ်စု အပြီးတိုင် ရှုံးနိမ့်သွားမည်ကို မလိုလားခဲ့ပေ။ ထို့ကြောင့် သူတို့လက်လှမ်းမီသမျှ နယ်ပယ်တိုင်းတွင် မြန်မာအာဏာလုစစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် ကူညီစောင်မနေ၏။ ဤသည်ကို အာဏာလုစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံ၏ ဖက်ဆစ်တော်လှန်ရေးအောင်ပွဲသို့ ဖိတ်ကြားကာ နိုင်ငံရေးအရ လူရာသွင်းပေးခြင်း၊ အာဏာလုစစ်အုပ်စု ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ကူညီပေးနေခြင်း စသော အာဏာလုစစ်အုပ်စုကို ပေါ်တင်ကူညီနေခြင်းများကို ကြည့်ခြင်းဖြင့် ရှင်းလင်းစွာ သိမြင်နိုင်၏။ ထို့အပြင် နောက်ကွယ်မှနေ၍ စစ်အုပ်စုကို ဒရုန်းလက်နက်နှင့် နည်းပညာများ ပံ့ပိုးကူညီပေးနေခြင်းများ၊ တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကို အာဏာလု စစ်အုပ်စုအား မတိုက်ခိုက်ရန် ဖိအားပေးနေခြင်းများလည်း ရှိ၏။

ထိုသို့သောအခြေအနေမျိုးတွင် မြန်မာအာဏာလုစစ်အုပ်စုသည် အင်အားပြန်လည်စုစည်းခွင့် ရလာခဲ့ပြီး မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးကို ချေမှုန်းနိုင်ရန် ကြိုးစားနေ၏။ မိမိတို့ မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသူများ အချင်းချင်း ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး အစွမ်းကုန် ခုခံတော်လှန်ကြရမည့်ကာလ ဖြစ်သည်။

ထိုက်သင့်သောစုဖွဲ့မှုနှင့် အတော်အသင့် လက်နက်တပ်ဆင်မှုများ ရှိနေပြီဖြစ်သော်လည်း မိမိတို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် အာဏာလုစစ်အုပ်စုကို လက်နက်အင်အားချင်းယှဉ်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ နိုင်ငံရေး စစ်ရေး အကျပ်အတည်းများကြားတွင် စစ်အုပ်စု၏ ဖြိုခွဲမှုကို စနစ်တကျ ခုခံတွန်းလှန်နိုင်လျှင် မိမိတို့ မြန်မာပြည်သူများကို စစ်အုပ်စုအနေဖြင့် အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။

မိမိတို့ မြန်မာပြည်ရှိ တိုင်းရင်းသားပေါင်းစုံ နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် အာဏာလုစစ်အုပ်စုအား အပြီးတိုင် ဖြိုလှဲနိုင်ခွင့်သည်လည်း မလျှော့သောဇွဲလုံ့လဖြင့် အချင်းချင်း ညီညွတ်စွာ ခုခံတိုက်ခိုက်ခြင်းမှသာ ပေါ်ထွက်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ သွေးစည်းညီညွတ်ရေး၊ တပ်ဖွဲ့၀င်များအချင်းချင်း သွေးစည်းညီညွတ်ရေးသည် အမြဲ သတိထား တည်ဆောက်မြှင့်တင်နေရမည့် တော်လှန်ရေး၏ အခြေခံအုတ်မြစ်များပင် ဖြစ်၏။

နွေဦးတော်လှန်ရေးအဖွဲ့များ အချင်းချင်း ညီညွတ်ရေးတွင် ပြည်သူလူထုကို မျက်နှာမူသော ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများသည် အဓိကကျ၏။

တပ်ဖွဲ့၀င်အချင်းချင်း ညီညွတ်ရေးတွင်မူ တာ၀န်ခွဲဝေထမ်းဆောင်မှုအလိုက် စည်းကမ်းလိုက်နာမှု၊ မျှမျှတတ တာ၀န်ခွဲဝေထမ်းဆောင်မှုတို့က အဓိကကျသောနေရာမှ အထောက်အကူ ပြုနေမည် ဖြစ်သည်။

နွေဦးတော်လှန်ရေးကို ပါ၀င်ဆင်နွှဲနေကြသူများသည် ဖိနှိပ်မှုများကို တွန်းလှန်ပြီး လွတ်လပ်မျှတ၍ သာယာသောလူ့ဘောင်ကို တည်ဆောက်လိုကြသဖြင့် သမိုင်းပေးတာ၀န်ကို အသိစိတ်ရှိရှိ ထမ်းရွက်နေကြသူများ ဖြစ်ကြသည်။ ရည်မှန်းချက်တူကြသူများအချင်းချင်း အတူတူ ပူးပေါင်းဆောင်ရွက်နိုင်ပါမှ ထောက်ပံ့ကူညီပေးနေသော ပြည်သူလူထုတရပ်လုံးအပေါ် တာ၀န်ကျေနိုင်ပေလိမ့်မည်။ ထိုထက်ပို၍ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ညီနောင် ရဲဘော်ရဲဘက်များအပေါ် သစ္စာစောင့်သိရာ ရောက်ပေလိမ့်မည်။

နွေဦးတော်လှန်ရေးတပ်ဖွဲ့၀င်များအချင်းချင်း စည်းလုံးညီညွတ်ရေးမှသည် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကြား သွေးစည်းညီညွတ်ရေးတွင် အချင်းချင်း ညှိနှိုင်းဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်း တွေ့ရ၏။ နွေဦး‌တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေခံ တိုက်ခိုက်ရေးယူနစ်များအထိ ထိုသို့ ညှိနှိုင်းဆောင်ရွက်တတ်သည့် အမူအကျင့်များကို ပျိုးထောင်ပေးထားနိုင်လျှင် မိမိတို့သည် နွေဦးတော်လှန်ရေးအောင်ပန်းကို အမြန်ဆင်မြန်းနိုင်ကြမည် ဖြစ်သည်။

တပ်တည်ဆောက်ရေးလုပ်ငန်းများ၊ စစ်ဆင်ရေးလုပ်ငန်းများသည် အထက်အမိန့်အတိုင်း အတိအကျ လိုက်နာ တိုက်ပွဲ၀င်ကြရပါသည်။

ထိုသို့ အထက်အမိန့်ကို အကောင်းဆုံး လိုက်နာနိုင်ရန် ကြိုးစားရာတွင် အချင်းချင်း ညှိနှိုင်း ဆောင်ရွက်မှုမှာ အသက်တမျှ အရေးပါလှ၏။

စစ်ဆင်ရေးစီမံချက်များ ရေးဆွဲရာတွင် လည်းကောင်း၊ တိုက်ပွဲပြီးနောက် သုံးသပ်ချက်များ လုပ်ရာတွင် လည်းကောင်း အခြေခံတိုက်ခိုက်ရေးယူနစ်များမှသည် တပ်ရင်း၊ တပ်ဖွဲ့အဆင့်အထိ စုဝေးတိုင်ပင်ဆုံးဖြတ်ခြင်း၊ သင်ခန်းစာဖော်ထုတ်ခြင်း စသော လုပ်ငန်းများ လုပ်ဆောင်ကြသင့်၏။ ထိုသို့လုပ်ဆောင်ခြင်းမှာ အမိန့်ပေးကွပ်ကဲမှုစနစ်ကို မထိခိုက်စေဘဲ အထက်အမိန့်ကို အကောင်အထည်ဖော်ရာတွင် အကောင်းဆုံးပုံစံဖြစ်စေရန် ရည်ရွယ်ကြရမည်ဖြစ်သည်။

ထိုသို့ စုဝေးတိုင်ပင် ဆုံးဖြတ်ကြခြင်းဖြင့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

ပိုမိုကောင်းမွန်သော နည်းလမ်းများကို အမြဲမပြတ် ထပ်ပေါင်းပြုပြင်နိုင်သည့် အခွင့်အရေးလည်း ရှိနေမည် ဖြစ်သည်။

ထို့ကြောင့် မိမိတို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တပ်ဖွဲ့၀င်အချင်းချင်း ညီညွတ်ရေးမှသည် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများအချင်းချင်း သွေးစည်းညီညွတ်ရေးအထိ တက်လှမ်းကာ အာဏာလုစစ်အုပ်စု၏ အမျိုးမျိုးသော ဖြိုခွင်းမှုများကို ရင်ဆိုင် အနိုင်ယူနိုင်ရန် အချင်းချင်း စုပေါင်းတိုင်ပင် ဖြေရှင်းခြင်း၊ အထက်မှအောက်သို့ တော်လှန်ရေး၏ အခြေအနေအရပ်ရပ်ကို အမြဲ နားလည်နေစေရန် ပညာပေးခြင်း နည်းလမ်းများကို အမြဲမပြတ် အသုံးပြုကာ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့မှသာ ခံယူချက်ရှိပြီးသား တော်လှန်ရေးသမားများ အချင်းချင်း နားလည်မှုရှိရှိ၊ ဗျူဟာကျကျ စစ်ကစားပြီး အာဏာလုစစ်အုပ်စုအား စစ်ရေးအရ အနိုင်ယူ ဖြိုခွင်းကာ မြန်မာပြည်သူလူထု တရပ်လုံး လိုလားတောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ပန်းတိုင်ကို အောင်မြင်စွာ လှမ်းကိုင်နိုင်မည် ဖြစ်ပါကြောင်း...။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024