
အနောက်အာဖရိကနိုင်ငံ ဘီနင်မှာ အစိုးရအပေါ် သစ္စာရှိတဲ့ စစ်တပ်တွေကြောင့် အာဏာသိမ်းမဲ့ ကြိုးပမ်းမှုကို ဟန့်တားနိုင်ခဲ့ပြီလို့ သမ္မတက တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာ စစ်သားတစုက နိုင်ငံပိုင်ရုပ်သံကို စီးနင်းပြီး အာဏာသိမ်းကြောင်း ကြေညာခဲ့ပေမဲ့ ညနေပိုင်းမှာတော့ အခြေအနေကို အစိုးရက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
သမ္မတ ပက်ထရစ် တာလွန်က “ကျုပ်တို့တပ်မတော်နဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ တာဝန်သိစွာ ဆောင်ရွက်မှုကို ချီးကျူးလိုပါတယ်။ သူတို့တွေဟာ တိုင်းပြည်အပေါ် ဆက်လက် သစ္စာရှိခဲ့ကြပါတယ်” လို့ မိန့်ခွန်းပြောခဲ့ပါတယ်။
အာဏာသိမ်းဖို့ ကြိုးပမ်းသူတွေကို ရှင်းလင်းဖို့အတွက် အိမ်နီးချင်း နိုင်ဂျီးရီးယားလေတပ်က ဝင်ရောက်တိုက်ခိုက် ချေမှုန်းပေးခဲ့တယ်လို့ သိရပါတယ်။
အစိုးရရုံးစိုက်ရာ ကိုတာနူးမြို့မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး ဒါဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်လို့ ယူဆရပါတယ်။
လက်ရှိအချိန်ထိ ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး လူ ၁၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။
မြောက်ပိုင်းဒေသ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာနဲ့ သမ္မတရဲ့ စီမံခန့်ခွဲမှုတွေကို မကျေနပ်လို့ အခုလိုလုပ်ဆောင်တာဖြစ်ကြောင်း ပုန်ကန်သူတွေက ပြောဆိုထားပါတယ်။
အနောက်အာဖရိက ဒေသတွင်းအဖွဲ့ (ECOWAS) ကတော့ ဒီလုပ်ရပ်ကို ရှုတ်ချလိုက်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ အဖွဲ့ဝင်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေကို ချက်ချင်းစေလွှတ်လိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။
ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့ ဘီနင်ဟာ အာဖရိကမှာ ဒီမိုကရေစီ အတည်ငြိမ်ဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိသမ္မတ တာလွန်ဟာ သူ့မူဝါဒတွေအပေါ် ဝေဖန်မှုတွေကို ဖိနှိပ်တယ်လို့ စွပ်စွဲခံထားရပါတယ်။
အာဖရိကရဲ့ အကြီးဆုံး ဝါဂွမ်းထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမဲ့ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။
Source: Reuters


