Home
နိုင်ငံတကာ
အာဖရိက ၄ နိုင်ငံမှ အာဟာရချို့တဲ့သည့် ကလေးများအတွက် အသက်ကယ်အစားအစာ ပြတ်လပ်
DVB
·
August 30, 2025
Photo :Reuters

အာဖရိက ၄ နိုင်ငံမှ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့ကြတဲ့ ကလေးတွေတွက် အထူးပြုလုပ်ထားတဲ့ အသက်ကယ် အစားအစာတွေဟာ အကူအညီတွေ ဖြတ်တောက်ခံရမှုတွေကြောင့် နောက်လာမယ့် ၃ လအတွင်း ပြတ်လပ် ကုန်ခန်းသွားတော့မှာဖြစ်ကြောင်း Save the Children အကူအညီပေးရေးအဖွဲ့က သြဂုတ် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယား၊ ကင်ညာ၊ ဆိုမာလီယာနဲ့ တောင်ဆူဒန်တို့မှာ စွမ်းအင်မြင့် ဘီစကစ်တွေ၊ မြေပဲအခြေခံ Plumpy'Nut အနှစ်တွေနဲ့ အဆင်သင့်စားသုံးနိုင်တဲ့ ကုထုံးအစားအစာ  (RUTF) လို့ သိကြတဲ့ တခြားအစားအစာတွေဟာ အန္တရာယ်အဆင့် ဖြစ်လောက်တဲ့အထိ လျော့နည်းပြတ်လပ်နေပြီ လို့ ဗြိတိန်အခြေစိုက် အကူအညီပေးရေးအဖွဲ့က ပြောပါတယ်။

အာဖရိက ၄ နိုင်ငံရှိ တချို့ဆေးခန်းတွေဟာ အာဟာရချို့တဲ့တဲ့ ကလေးတွေအတွက် ထိရောက်မှုနည်းတဲ့ ကုသနည်းတွေဘက် ပြောင်းလဲလာခဲ့တယ်လို့  Save the Children က ဆိုပါတယ်။

ကင်ညာနိုင်ငံမှာလည်း အခုနှစ် မတ်လမှ မေလ မိုးရာသီအတွင်း လူပေါင်း ၂ ဒသမ ၈ သန်းလောက် အစာရေစာပြတ်လပ်မှု မြင့်မားမယ်လို့ ခန့်မှန်းရပြီး အောက်တိုဘာလမှာ သိုလှောင်ပစ္စည်းတွေ ကုန်သွားဖွယ်ရှိကြောင်း အဖွဲ့တာဝန်ရှိသူတွေက ရိုက်တာကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို အာဖရိက ၄ နိုင်ငံမှ အစိုးရတာဝန်ရှိသူတွေက ချက်ချင်း မတုံ့ပြန်ကြပါဘူး။

ကမ္ဘာတဝန်း ရံပုံငွေဖြတ်တောက်မှုတွေကြောင့် အာဟာရချို့တဲ့တဲ့ ကလေး ၂ ဒသမ ၃ သန်း အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ လူပေါင်း ၁၅ ဒသမ ၆ သန်းကို အခုနှစ်အတွင်း အာဟာရထောက်ပံ့မှုတွေ ပြတ်တောက်သွားရလိမ့်မယ်လို့ မှန်းထားကြောင်း Save the Children က ပြောပါတယ်။

ထရမ့်ပ် အစိုးရရဲ့ ရံပုံငွေဖြတ်တောက်မှုကြောင့် အားဖြည့်ဘီစကစ် တန်ချိန် ၁၁၀၀ အပါအဝင် အစားအစာ မက်ထရစ်တန်ချိန် ၆၀,၀၀၀ မှ ၆၆,၀၀၀ လောက်ဟာ ဒီနှစ်အစောပိုင်းကတည်းက ဂိုဒေါင်တွေထဲမှာ လနဲ့ချီ သောင်တင်နေခဲ့ကြောင်း မေလက ရိုက်တာသတင်းမှာ ဖော်ပြဖူးပါတယ်။

အမေရိကန်အစိုးရဟာ နောက်ပိုင်းမှာ ဘီစကွတ်တန်ချိန် ၆၀၀ ကျော်ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကို လွှဲပြောင်းပေးဖို့ သဘောတူခဲ့ပေမဲ့ ပြီးခဲ့တဲ့လက သက်တမ်း ကုန်ဆုံးသွားတဲ့ တန်ချိန် ၅၀၀ နီးပါးကို ဖျက်ဆီးပစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလအစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ဂျီးရီးယား၊ ဆူဒန်၊ ကင်ညာနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံတို့ရှိ အလွန်ပြင်းထန်တဲ့ အာဟာရချို့တဲ့မှု ခံစားနေရတဲ့ ကလေး ၈ သိန်းကျော် ကို ကုသဖို့အတွက် RUTF အသက်ကယ် ထောက်ပံ့ရေးပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာ ၉၃ သန်း ပေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

Source: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013