Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီးနေရာအတွက် ရွေးချယ်ရန် အာဖရိကတိုက်မှ ကာဒီနယ် ၃ ဦး ပါဝင်
DVB
·
May 1, 2025
ကွန်ဂိုနိုင်ငံ ကာဒီနယ် အမ်ဘွန်ဂို။ (Photo: REUTERS / RTNC POOL)

လစ်လပ်နေတဲ့ ပုပ်ရဟန်းမင်းကြီးနေရာအတွက် အာဖရိကတိုက်က ဝင်ရောက်ရွေးကောက်ခံမယ့် ကာဒီနယ် ၃ ယောက် ရှိပါတယ်။

ကွန်ဂိုနိုင်ငံရဲ့ ကာဒီနယ် အမ်ဘွန်ဂိုဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်ခံမယ့်သူ ဖြစ်လာသလို ဂါနာ ကာဒီနယ် ပီတာတပ်ခ်ဆင် ကလည်း ရွေးကောက်ခံမယ့် ကာဒီနယ် ဖြစ်လာပါတယ်။

ဂူနီယာနိုင်ငံသား ရောဘတ်ဆာရတ်လည်း အဓိက ရွေးကောက်ခံ ကာဒီနယ်ထဲမှာ ပါဝင်လာတာ တွေ့ရပါတယ်။

ရွေးကောက်ခံမယ့်စာရင်းမှာ အာဖရိကတိုက်က ကာဒီနယ် ၃ ယောက် ပါဝင်နေတာကြောင့် သူတို့ထဲက တယောက်ယောက် ရွေးခံရပါက နှစ်ပေါင်း ၁၅၀၀ ကျော်အတွင်း ပထမဆုံး လူမည်း ပုပ်ရဟန်းမင်းကြီး ဖြစ်လာမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲကို အသက် ၈၀ အောက် ကာဒီနယ် ၁၃၃ ယောက်က ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် မဲပေးရွေးချယ်မှာဖြစ်ကာ ၁၃၃ ယောက်ရဲ့ ၃ ပုံ ၂ ပုံ မဲရတဲ့ ကာဒီနယ်က ပုပ်ရဟန်းမင်းကြီး ဖြစ်လာမှာဖြစ်ပါတယ်။

အမ်ဘွန်ဂိုကို ပုပ် ဖရန်စစ် ကိုယ်တိုင် ကာဒီနယ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ကာဒီနယ်သက်တမ်း ၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

အာဖရိကမှာ ကက်သလစ်အသင်းဝင်တွေ သန်းနဲ့ချီ များပြားလာတာနဲ့အတူ လာမယ့် ပုပ်ရဟန်းမင်းကြီးက အာဖရိကတိုက်က ဖြစ်နိုင်တယ်လို့ ဖော်ပြပါတယ််

အမ်ဘွန်ဂိုဟာ လိင်တူလက်ထပ်တာကို ဆန့်ကျင်သူဖြစ်ပြီး လာဘ်စားမှုတွေ၊ ကိုလိုနီပြုမှုတွေကို ဝေဖန်ထားသူ ဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ်ရှိ ဂါနာနိုင်ငံသား ပီတာတပ်ခ်ဆင်ဟာ ၂၀၁၃ ခုနှစ်က ပုပ်ရဟန်းမင်းကြီးအဖြစ် ဆောင်ရွက်နေတဲ့ ပုပ် ဘီနီဒစ် နုတ်ထွက်ခဲ့ချိန်တုန်းကလည်း ပုပ်ရဟန်းမင်းကြီး ဖြစ်လာနိုင်တယ်လို့ ရေပန်းစားခဲ့ဖူးသူ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကမ္ဘာပေါ်မှာ ကက်သလစ်ဘာသာဝင် ၁ ဒသမ ၄ ဘီလီယံရှိပြီး အာဖရိကတိုက်က တကမ္ဘာလုံးရဲ့ ၂၀ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။

အာဖရိကတိုက်မှာ ၂၀၂၂ ခုနှစ်က ကက်သလစ်ဘာသာဝင် ၂၇၂ သန်းရှိပြီး ၂၀၂၃ ခုနှစ်က ၂၈၁ သန်းအထိ တိုးတက်လာတာကြောင့် ၃ ဒသမ ၃၁ ရာခိုင်နှုန်း တိုးတက်လာတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ပွဲကို မေ ၇ ရက်မှာ ဗာတီကန်မှာရှိတဲ့ ၁၅ ရာစုက ဆောက်လုပ်ထားတဲ့ ဆစ်စတင်းဘုရားကျောင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013