Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ပွဲ၌ ပြင်သစ် ကာဒီနယ် ဘုန်းတော်ကြီး  ၅ ပါး ပါဝင်ခွင့်ရ 
DVB
·
April 25, 2025
Photo : REUTERS / VATICAN MEDIA / AGENCY POOL / HOST BROADCASTER / DIOCESE MARSEILLE

ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးချယ်မယ့် ရွေးကောက်ပွဲအတွက် ကာဒီနယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီးများ အစည်းအဝေးပွဲမှာ ပြင်သစ်ကာဒီနယ်ဘုန်းကြီး ၅ ပါးအထိ ပါဝင်ခွင့်ရှိပြီး ဗာတီကန်စီးတီးရှိ စစ္စတီးန်ချာပယ်လ်မှာ မေ ၆ ရက်မှ ၁၁ ရက်အတွင်း စတင်ဖို့ မျှော်လင့်ထားပါတယ်။

မာဆေးလ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ယွန်းမာ့ကယ်ဗလင်း၊ ကော်ဆီကာဂိုဏ်းချုပ် ဖရန်ဆွာ ဘူစတီယို၊ သူနဲ့ခေတ်ပြိုင် မွန်ဆီညာ အီမန်နျူယယ် ဂိုဘီလိယာ့၊ မာရ်ဟကဲ နွယ်ဖွား ဒေါမနစ် မမ်ဘာဟတီ၊ ရန်းန်မြို့မှ ခရစ္စတို့ဖ် ဖျဲရ်တို့ ဖြစ်ပါတယ်။

ဒီစည်းဝေးပွဲမှာ ကာဒီနယ်ရွေးကောက်ပွဲဝင်သူ ၁၃၅ ပါးကို စုဝေးထားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း တပါးစီဟာ ဆန္ဒမဲရဲ့ ၃ ပုံ ၁ ပုံ ရရှိတဲ့အထိ အကြိမ်ကြိမ် မဲပေးကြမှာ ဖြစ်ပါတယ်။

လျှို့ဝှက်မဲပေးရမှာဖြစ်လို့ ခန့်မှန်းရခက်တယ် ဆိုပေမဲ့ တချို့မီဒီယာတွေမှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဆက်ခံမယ့်သူအဖြစ် မာဆေးလ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ယွန်း မာ့ ကယ်ဗလင်းကို နာမည်ဖော်ပြထားကြပါတယ်။ 

ဒီအစည်းဝေးကြီးမှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အရှုပ်တော်ပုံမှာ ဖမ်းမိပြီးနောက် ဂိုဏ်းချုပ်အဖြစ်မှ နုတ်ထွက်ခဲ့တဲ့ လိုင်ယွန် ဂိုဏ်းချုပ်ဟောင်း ဖိလစ်ပ် ဘာဘာဟန်လည်း ပါဝင်ခွင့်ရှိနေတာပါ။

သူ့ကို လိင်ပိုင်းဆိုင်ရာစော်ကားမှု အစီရင်ခံဖို့ ပျက်ကွက်မှုနဲ့ ၂၀၁၉ ခုနှစ် မတ်လမှာ ပြင်သစ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့ သူဟာ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး စီရင်ချက်ကို အောင်အောင်မြင်မြင် အယူခံဝင်ကာ တရားသေ လွတ်မြောက်ခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာ ဘုရားကျောင်းကို နာမည်ဂုဏ်သတင်း ကျဆင်းစေခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု အကျပ်အတည်းကို ဘုရားကျောင်းရဲ့ တုံ့ပြန်မှုအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပြင်းပြင်းထန်ထန် ဝေဖန်ခံရချိန်မှာ တချိန်တည်းမှာပဲ ဥရောပရှိ အကြီးတန်း ဘုန်းတော်ကြီးတွေကို ဘာဘာဟန်ရဲ့ တရားခွင်က မီးမောင်းထိုးပြခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013