Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး သစ် ရွေးချယ်ပွဲ မေ ၇ တွင် စတင်မည်
DVB
·
April 29, 2025
Photo :Reuters

ကာဒီနယ်တွေရဲ့ Conclave လို့ခေါ်တဲ့ ပုပ်ရဟန်းမင်းသစ် ရွေးကောက် တင်မြှောက်ရေး လျှို့ဝှက်အစည်းအဝေးကို မေလ ၇ ရက်မှာ စတင်မှာဖြစ်တယ်လို့ ဗာတီကန်က အတည်ပြုပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့က ပုပ်ရဟန်းမင်း ဖရန်စစ်ရဲ့ စျာပနကျင်းပခဲ့အပြီးမှာ ကာဒီနယ်ကြီးတွေက တံခါးပိတ်ဆွေးနွေးပြီးတော့ ရွေးကောက်ပွဲ စတင်မယ့် နေ့ကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာတဝန်းက သက်တော် ၈၀ အောက် ကာဒီနယ် ၁၃၅ ပါးဟာ သာသနာဝင် သန်း ၁၄၀၀ ရှိတဲ့ ကက်သလစ်ကျောင်းတော်ရဲ့ အကြီးအမှူးကို တင်မြှောက်ရာမှာ မဲပေးပိုင်ခွင့်ရှိနေပါတယ်။ 

ဒါပေမဲ့ ယခင် ညွှန်ကြားလွှာတွေမှာ ၁၂၀ ထက် မပိုရဘူးလို့ ဖော်ပြထားတဲ့အတွက် ၁၃၅ ပါးထဲက အပါး ၁၂၀ ပြန်ရွေးမှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ 

၁၆ ရာစုက ဆစ်စတင်းဘုရားကျောင်းမှာ အစဉ်အလာအတိုင်း မဲပေးပွဲ ကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ် တပါးက မဲအားလုံးရဲ့ သုံးပုံ၊ နှစ်ပုံ မရမချင်း အကြိမ်ကြိမ်ညှိနှိုင်း၊ ပြန်လည် ရွေးကောက်ရမှာဖြစ်ပါတယ်။  

၂၀၀၅ နဲ့ ၂၀၁၃ မှာ နောက်ဆုံးကျင်းပခဲ့တဲ့ မဲပေးအစည်းအဝေးနှစ်ခုကတော့ နှစ်ရက်ပဲ ကြာမြင့်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ပုပ်ရဟန်းမင်းဖရန်စစ် ခန့်အပ်ခဲ့တဲ့ ကာဒီနယ်အများစုဟာ အချင်းချင်း တခါမှ မတွေ့ဖူးတာကြောင့် ညှိနှိုင်းမှုတွေ ပိုကြာမြင့်နိုင်တယ်လို့ ဆွီဒင်က ကာဒီနယ်ကြီး အန်ဒါစ် အာဘောလီးယပ်စ်က ခန့်မှန်းပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013