Home
နိုင်ငံတကာ
တရုတ်-အာဖရိက ကုန်စည်ပြပွဲ ပြီးဆုံး
DVB
·
June 16, 2025
Photo: CCTV

တရုတ်နဲ့ အာဖရိကတို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ ကြိုးပမ်းနေချိန်မှာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့အပြီး စတုတ္ထအကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနဲ့ ကုန်သွယ်မှု ကုန်စည်ပြပွဲဟာ ဇွန် ၁၅ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။

ကုန်စည်ပြပွဲမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၉ ဘီလီယံ တန်ဖိုးရှိတဲ့ စီမံကိန်းပေါင်း ၁၇၆ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက ကြေညာပါတယ်။

၂၀၂၃ ခုနှစ်က နောက်ဆုံးကျင်းပတဲ့ ကုန်စည်ပြပွဲထက် ၄၅ ဒသမ ၈ ရာခိုင်နှုန်း တက်လာခဲ့တာပါ။

သဘောတူညီချက်တွေထဲမှာ တရုတ်-အာဖရိက စက်မှုလုပ်ငန်း ကွင်းဆက်တွေ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တီထွင်ဆန်းသစ်တဲ့ လုပ်ငန်း start-ups တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။

အာဖရိကနိုင်ငံပေါင်း ၄၃ နိုင်ငံက ပြပွဲကျင်းပသူတွေဟာ စိုက်ပျိုးရေးနဲ့ အစားအသောက် ထုတ်ကုန်တွေ၊ လက်မှုပစ္စည်းတွေနဲ့ လက်ဝတ်ရတနာတွေ အပါအဝင် ထင်ရှားတဲ့ ထုတ်ကုန်တွေကို ယူဆောင်လာခဲ့ကြပါတယ်။

လေးရက်ကြာ အခမ်းအနားမှာ စမတ်သတ္တုတူးဖော်ရေးနည်းပညာ၊ သန့်ရှင်းတဲ့ စွမ်းအင်၊ ခေတ်မီ စိုက်ပျိုးရေးသုံး စက်ယန္တရားတွေနဲ့ ဆောက်လုပ်ရေး စက်ပစ္စည်းတွေကို မီးမောင်းထိုးပြတဲ့ သီးသန့်ဇုန်တွေကို ပြသထားပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ကုန်စည်ပြပွဲမှာ ကျော်ကြားတဲ့ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အမှတ်တံဆိပ်တွေ၊ အရည်အသွေးကောင်းမွန်တဲ့ အာဖရိကကုန်ပစ္စည်းတွေနဲ့ တရုတ်-အာဖရိက ဖက်ရှင်စက်မှု လုပ်ငန်းဆိုင်ရာ ပြပွဲတွေ ပါဝင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ မွန်းတည့်ချိန်အထိ လူပေါင်း ၂၀၀,၀၀၀ ကျော်ဟာ  တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ရဲ့ မြို့တော် ချန်းရှာမှာ ကျင်းပတဲ့ ကုန်စည်ပြပွဲရဲ့ အဓိကနေရာဆီ လာရောက် လည်ပတ်ခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013