Home
နိုင်ငံတကာ
ဓာတ်ရောင်ခြည်ကုထုံးတွင် အသုံးပြုသည့် ယေထရီယံ-၉၀ ကို တရုတ်က အောင်မြင်စွာ ထုတ်လုပ်
DVB
·
June 16, 2025
Photo: Paid Content from China Central Television (CCTV)

တရုတ်နိုင်ငံဟာ ဓာတ်ရောင်ခြည်ကုထုံးမှာသုံးတဲ့ အိုင်ဆိုတုပ်ဖြစ်တဲ့ ယေထရီယံ-၉၀ ကို  စီးပွားဖြစ် ဓာတ်ပေါင်းဖိုတွေမှာ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ တရုတ်အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း (CNNC) က ဇွန် ၁၅ ရက်မှာ ထုတ်ပြောလိုက်ပါတယ်။

ကျဲ့ကျန်းပြည်နယ်က CNNC ရဲ့ ချင်းရှန်း နျူကလီးယားစွမ်းအင် အခြေစိုက်စခန်းက ဓာတ်ပေါင်းဖိုမှာ ဓာတ်ရောင်ခြည်ဖြာထွက်တဲ့ ယေထရီယံ-၉၀ ဖန်မိုက်ခရိုစဖီးယားတွေဟာ သက်ဆိုင်ရာ စမ်းသပ်ချက်တွေ အားလုံးကို အောင်မြင်ပြီး အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုအတွက် လမ်းခင်းထားပါတယ်။

ယေထရီယံ-၉၀  ဖန်သား မိုက်ခရိုစဖီးယားတွေကို အဓိကအားဖြင့် ယေထရီယံ-၈၉ ကနေ ထုတ်လုပ်ထားပြီး နျူထရွန် ဓာတ်ပေါင်းဖိုတခုက နျူထရွန်တွေကို စုပ်ယူပြီးတဲ့နောက် ရေဒီယိုသတ္တိကြွ ယေထရီယံ-၉၀ အဖြစ် ပြောင်းလဲခဲ့ပါတယ်။

မိုက်ခရိုစဖီးယားတွေကို ဘီတာရောင်ခြည်ထုတ်လွှတ်တဲ့ ရေဒီယိုသတ္တိကြွဆေးအဖြစ် သုံးပါတယ်။

သွေးကြောဆိုင်ရာ စွက်ဖက်မှု နည်းပညာတွေကို သုံးခြင်းအားဖြင့် ယေထရီယံ-၉၀ မိုက်ခရိုစဖီးယားတွေဟာ အသည်းအကျိတ်တွေကို ကုဖို့ အသည်းရဲ့ သွေးကြောတွေဆီ ပို့ဆောင်ပေးပြီး အနည်းဆုံး ထိုးဖောက်ဝင်ရောက်တဲ့ လုပ်ငန်းစဉ်တရပ်ကို ဖြစ်ပေါ်စေပါတယ်။

ဓာတ်ပေါင်းဖိုကနေ ထွက်လာတာနဲ့ တပြိုင်နက် ယေထရီယံ-၉၀ ကို အပလီကေးရှင်း အဆင့်မဝင်မီ သုတေသီတွေက သေသေချာချာ စစ်ဆေးရမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ချင်းရှန်း နျူကလီးယားစွမ်းအင် အခြေစိုက်စခန်းက စီးပွားဖြစ် အကြီးစား ရေဓာတ်ပေါင်းဖိုဟာ ယေထရီယံ-၉၀ ကို ထုတ်လုပ်ဖို့ ထူးခြားတဲ့ အားသာချက်တွေကို ပေးတယ်လို့ အင်ဂျင်နီယာတွေက ပြောပါတယ်။

“စီးပွားဖြစ် အကြီးစားရေဓာတ်ပေါင်းဖိုမှာ အတော်လေးမြင့်မားတဲ့ နျူထရွန်အတက်အကျရှိပြီး တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ပါတယ်။ အူတိုင်ရဲ့ အသက်ဝင်မှုဇုန်က အရမ်းကြီးပါတယ်။ ယေထရီယံ-၉၀ ထုတ်လုပ်ဖို့ ဒီဓာတ်ပေါင်းဖိုအမျိုးအစားကို သုံးပြီး ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မှု၊ ကုန်ကျစရိတ် လျှော့ချနိုင်မှု၊ ထောက်ပံ့မှု ပေးဆောင်နိုင်မှု စတဲ့ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်” လို့ ချင်းရှန်း နျူကလီးယားစွမ်းအင် အခြေစိုက်စခန်းက လက်ထောက်အင်ဂျင်နီယာချုပ် လီရှိရှန်က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013