Home
ဆောင်းပါး
စုပေါင်းခေါင်းဆောင်တတ်အောင် သင်ယူနိုင်မှသာ တော်လှန်ရေး အောင်မြင်နိုင်မည်
DVB
·
December 24, 2025

လက်ရှိတွင် မိမိတို့သည် တော်လှန်ရေးကာလ ခရီးတထောက်၌ ရောက်နေရှိပြီး ထိုတော်လှန်ရေးကြီးသည် အင်အားကြီးမားပြီး စိတ်အားတက်ဖွယ်ကောင်းလှသော်လည်း တခါတရံတွင် အလွန်နှေးကွေးသည်ဟု ခံစားရသည်။ ၂၁၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပြီးနောက်ပိုင်း စတင်ခဲ့သော နွေဦးတော်လှန်ရေးကြီးသည် ယခုထက် ပိုမိုလျင်မြန်စွာ အောင်ပွဲဆင်နိုင်ခဲ့မည်ဟု အများက မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ကျင်းပသွားမည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ တော်လှန်ရေးအတွင်း စစ်မှန်သော အသွင်ပြောင်းလဲမှု ဖြစ်လာစေရန် ဇွဲလုံ့လဝီရိယ၊ ရှင်းလင်းမှုပြတ်သားမှုနှင့် တော်လှန်ရေးကာလ အပြောင်းအလဲများနှင့် လိုက်လျောညီထွေစွာ လိုက်ပါပြောင်းလဲနိုင်သည့် သတ္တိရှိရန် လိုအပ်ကြောင်း ပို၍ရှင်းရှင်းလင်းလင်း မြင်လာရသည်။ 

စုပေါင်းခေါင်းဆောင်မှု၏ ကတိကဝတ်များနှင့် စိန်ခေါ်မှုများ

တော်လှန်ရေးကာလ အစောပိုင်းလများအတွင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သည် အားလုံးပါဝင်နိုင်မှု အားအကောင်းဆုံး ခေါင်းဆောင်မှု ပလက်ဖောင်းတခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး ၎င်း၏စုဖွဲ့မှုထဲတွင် ရွေးကောက်ခံကိုယ်စားလှယ်များ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQA+) တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များ စုံလင်စွာ ပါဝင်ခဲ့သည်။ NUCC သည် စုပေါင်းခေါင်းဆောင်မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ရန်ဟူသည့် ရဲရင့်သော မျှော်မှန်းချက်လည်း ရှိခဲ့သည်။

စုပေါင်းခေါင်းဆောင်မှုသည် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးနေသည်။ အကောင်းဆုံး စုပေါင်းခေါင်းဆောင်မှုပုံစံသည် အာဏာဆက်ဆံရေးကို အသွင်းပြောင်းပေးနိုင်ပြီး စစ်မှန်သော ကိုယ်စားပြုမှုကို မြှင့်တင်ပေးနိုင်သည့် အစွမ်းရှိသည်။ စုပေါင်းခေါင်းဆောင်မှုကို လက်တွေ့အကောင်အထည်ဖော်ခြင်းသည် ရှုပ်ထွေးပြီး တခါတရံတွင် ဖရိုဖရဲပင် ဖြစ်သွားနိုင်သည်။ စုပေါင်းခေါင်းဆောင်မှုတွင် ပါဝင်သူများအားလုံး ကိုယ်တိုင်က ကတိကဝတ်ပြု အားစိုက်ဆောင်ရွက်မှုနှင့် ရှင်းလင်းပြတ်သားသော နားလည်မှု ရှိထားရန် လိုအပ်သလို၊ အမှန်တကယ် ထိရောက်သော ဦးဆောင်မှုနှင့် လုပ်ငန်းလည်ပတ်မှုရှိစေရန်၊ အာဏာမညီမျှမှုများကို လျှော့ချရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ခိုင်မာစေရန် အာမခံပေးနိုင်သော အစီအမံများနှင့် ယန္တရားများလည်း ရှိထားရန် လိုအပ်သည်။ 

မိမိတို့သည် ရှုပ်ထွေးသော ပြဿနာများကို လေးလေးနက်နက် ပြန်လည် တွေးတော ဆင်ခြင်သင့်သည်။ ဥပမာ- စုပေါင်းခေါင်းဆောင်မှုဟူသော ကတိကဝတ်ဖြင့် မဟာမိတ်ပြုထားသည့် ညွန့်ပေါင်းအဖွဲ့တခုတွင် ပါဝင်ထားသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတခု၏ ထိပ်ပိုင်းစစ်ဦးစီးမှူးတဦးနှင့် အရပ်ဘက်လူ့အဖွဲ့စည်းတခုမှ ညှိနှိုင်းရေးမှူး တာဝန်ယူထားသည့် ဝန်ထမ်းတဦးသည် တူညီသော အခြေအနေတခုတွင် အမှန်တကယ် အာဏာခွဲဝေ ကျင့်သုံးနိုင်သည့် အနေအထား ရှိပါသလား။

ညွန့်ပေါင်းအဖွဲ့များထဲတွင် လက်နက်ကိုင်အစုအဖွဲ့များ သို့မဟုတ် နိုင်ငံရေးပါတီများလည်း ပါဝင်နေပြီး အမျိုးသမီးအဖွဲ့အစည်းများသည်လည်း ၎င်းတို့ကိုယ်တိုင်က စောင့်ကြည့် အကောင်အထည်ဖော်ရမည့် မူဝါဒမူဘောင်များကို ရေးဆွဲရာတွင် ပြန်လည်ပါဝင်နေလျက်ရှိရာ ထိုအခြေအနေတွင် အမျိုးသမီးအဖွဲ့များသည် ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များအတွက် ထိုညွန့်ပေါင်းအဖွဲ့များထဲတွင် ထိရောက်သော စည်းရုံးတိုက်တွန်းမှု ပြုလုပ်နိုင်ပါမလား။ 

ဖွဲ့စည်းပုံ သဘောသဘာဝနှင့် လုပ်ပိုင်ခွင့် အလွန်ကွာခြားသော အဖွဲ့အစည်းများသည် ညွန့်ပေါင်းအဖွဲ့တခုထဲတွင် အတူပြန်လည်ပါဝင်နေကြရာ ထိုအဖွဲ့အတွင်း တဖက်နှင့်တဖက် တာဝန်ခံမှုရှိအောင် ဆောင်ရွက်နိုင်ပါမလား။ 

အဖြေမှာ “မဖြစ်နိုင်” ဟုသာ ဆိုရမည်။ သို့သော် ထို့အတွက်ကြောင့် အားလုံးမျှော်မှန်းထားသော စုပေါင်းခေါင်းဆောင်မှုလည်း ဖြစ်မလာနိုင်ဟု မဆိုလိုပါ။ တော်လှန်ရေး‌တွင် ပါဝင်သူ အစုအဖွဲ့အားလုံးသည် မတူညီသော အခန်းကဏ္ဍများ အသီးသီးရှိကြပြီး အခန်းကဏ္ဍ တခုချင်းစီတိုင်းက အရေးကြီးကာ တော်လှန်ရေးအတွက် မရှိမဖြစ် လိုအပ်သည်။ သို့သော်လည်း အခန်းကဏ္ဍများ ရောထွေးလာပါက တခုနှင့်တခု အလွယ်တကူ ပြန်လည်ထိခိုက်မှု ဖြစ်စေနိုင်သည်။

နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများသည် အဖွဲ့ဝင်အခြေပြု ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်စားပြု နယ်မြေများမှလာသော တရားဝင်လုပ်ပိုင်ခွင့်ကို စွဲကိုင်၍ ဒေသခံလူထုများက အပ်နှင်းထားသော အာဏာဖြင့် ထိုလူထုများ၏ အကျိုးစီးပွားအတွက် တာဝန်ခံကာ ညွန့်ပေါင်းအဖွဲ့များတွင် လာရောက်ပူးပေါင်း ပါဝင်လာသူများ ဖြစ်ကြသည်။

တဖက်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ (CSOs) များ၏ စွမ်းအားသည် ၎င်းတို့၏ သီးခြားလွတ်လပ်သော အတွေးအခေါ်၊ လုပ်ဆောင်ချက်နှင့် ဆုံးဖြတ်ချက်များမှ ဆင်းသက်လာသည်။ ၎င်းတို့၏ အဓိကကဏ္ဍမှာ လုပ်ပိုင်ခွင့် အာဏာရှိသူများကို တော်လှန်ရေးလှုပ်ရှားမှု တစုံလုံး၏ ယေဘုယျစံနှုန်းနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ရန်နှင့် ပွင့်လင်းမြင်သာမှုနှင့် ကျယ်ပြန့်သော အားလုံးပါဝင်မှုရှိသည့် ကိုယ်စားပြုမှုများ ရှိစေရေးအတွက် လိုအပ်သော ထိန်းကျောင်းမှုများ ပြုလုပ်ပေးရန်ဖြစ်သည်။ 

ညွန့်ပေါင်းအဖွဲ့များအတွင်းရှိ ဤသို့သော ကွဲပြားမှုများသည် အာဏာဟန်ချက်မညီမှု ဖြစ်စေပြီး ဆုံးဖြတ်ချက် ချမှတ်ရေးနှင့် မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်များကို ဝေဝါးသွားစေသည်။ CSOs များသည် ညွန့်ပေါင်းအဖွဲ့များ၏ ဦးဆောင်မှုနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်နေပါက ၎င်းတို့ကိုယ်တိုင် ပါဝင်နေသည့် ထိုအဖွဲ့အစည်းများကို သမာသမတ်ကျကျ ပြန်လည်စောင့်ကြည့်ရန် မဖြစ်နိုင်ပါ။ ဤဖွဲ့စည်းမှုပုံစံသည် CSOs များ၏ အခွင့်အရေးနှင့် အသံများကို ခြိမ်းခြောက်မှု ဖြစ်စေပြီး ၎င်းတို့၏ အကျိုးကို ဆုတ်ယုတ်စေသည်။

ဆုံးရှုံးမှုကြီးမားနိုင်သည်

စစ်အုပ်စုက ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲတခု ဖြစ်လာအောင် အတင်းတွန်းနေလျက်ရှိရာ တော်လှန်ရေးအစုအဖွဲ့များအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အရေးကြီးသထက် အရေးကြီးဆုံး အခြေအနေသို့ ရောက်လာသည်။ တော်လှန်ရေးဘက်က စည်းလုံးမှု သို့မဟုတ် စည်းလုံးသော ခေါင်းဆောင်မှု ပြသနိုင်ပါက ဤရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ကြောင်း ကမ္ဘာကြီးက အမှန်အတိုင်း မြင်တွေ့သွားကြမည်။ သို့သော် ညှိနှိုင်းဆောင်ရွက်မှုများ အထစ်အငေါ့များနေပါက ရှုပ်ထွေးမှုများကို ရှုံးနိမ့်မှုအဖြစ် အများကမြင်ပြီး မျှော်လင့်ချက်မဲ့သည့် စိတ်များ ဝင်လာပေမည်။

တော်လှန်ရေးထဲတွင် ပါဝင်နေသော အစုအဖွဲ့အသီးသီး၏ သက်ဆိုင်ရာ အခန်းကဏ္ဍများ၊ တာဝန်များနှင့် စည်းဘောင်များကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် မိမိတို့ ချက်ချင်းလုပ်ဆောင်ရန် လိုအပ်သည်။ ဥပမာ NUCC သည် တော်လှန်ရေး လိုအပ်ချက်အရ အရေးပေါ် ဖွဲ့စည်းလိုက်ရသော ယန္တရားတခု ဖြစ်သည်။ သို့သော် ၄ နှစ်ကြာ ဖြတ်သန်းလာပြီးဖြစ်ရာ ယခုအချိန်တွင် ၎င်း၏ အဖွဲ့အစည်း အခြေခံအုတ်မြစ်ဆိုင်ရာ လိုအပ်ချက်များစွာကို ပြန်လည်ဖြည့်တင်းသည့်အနေဖြင့် ရှင်းလင်းသော ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ထုံးလုပ်နည်းများ၊ ကြီးကြပ်ရေး သို့မဟုတ် စိစစ်ရေးယန္တရားများ၊ အုပ်ချုပ်မှု သို့မဟုတ် အဖွဲ့အစည်းလည်ပတ်မှု အထောက်အကူပြု လုပ်ထုံးလုပ်နည်းများနှင့် အပြန်အလှန် ထိန်းကျောင်းမှုစနစ်များ စသည်တို့ကို ပိုမိုခိုင်မာ အားကောင်းအောင် ဆောင်ရွက်သင့်သည်။

ထိုသို့သော အကန့်အသတ်များ သို့မဟုတ် ချို့ယွင်းချက်များကို မကိုင်တွယ်နိုင်ပါက စေတနာမှန်သော အစုအဖွဲ့များပင်လျှင် အပြစ်တင်ခြင်း၊ အထိမခံခြင်း၊ စွန့်ခွာခြင်း သို့မဟုတ် ကြီးစိုးခြယ်လှယ်ခြင်း သံသရာထဲ ကျရောက်သွားနိုင်သည်။ စုပေါင်းခေါင်းဆောင်မှု ကတိကဝတ်သည်လည်း အပြောသက်သက်သာ ဖြစ်သွားနိုင်သည်။ 

မိမိတို့သည် မိမိတို့မြင်တွေ့လိုသော အကောင်းဆုံးပုံစံအတွက် စိတ်ကူးမျှော်မှန်းချက်များ ရှိကြသည့်တိုင် တော်လှန်ရေး ရှိလာခြင်းကြောင့် ဂျန်ဒါဝိသေသလက္ခဏာ၊ လူတန်းစား၊ လူမျိုးစု၊ ကိုးကွယ်ရာဘာသာနှင့် ပထဝီအနေအထား စသည်တို့အပေါ် အခြေခံသည့် အာဏာဟန်ချက်မညီမှုများ အလိုအလျောက် ပျောက်ကွယ်သွားမည် မဟုတ်ပါ။ အများပါဝင်မှု၊ ဂျန်ဒါတန်းတူမှု၊ လူနည်းစု အကာအကွယ်ပေးရေး၊ အသွင်ကူးပြောင်းရေး တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု စသည်တို့အတွက် မူဝါဒများ ရေးဆွဲထားကြသော်လည်း ရေးဆွဲရေးဖြစ်စဉ်တွင် CSO များနှင့် ဆွေးနွေးတိုင်ပင်ခဲ့ခြင်း မရှိသလို အများပြည်သူ လေ့လာသုံးသပ်နိုင်အောင် ထုတ်ပြန်ခဲ့ခြင်းလည်း မရှိချေ။

ဤမူဝါဒများသည် လူထုနှင့် သက်ဆိုင်သော မူဝါဒများ ဖြစ်သောကြောင့် လူထုအမြင်က အလွန်အရေးကြီးသည်။ လက်တွေ့တွင် ထိုမူဝါဒများကို တော်လှန်ရေးကာလအတွင်း လိုအပ်သောအချိန် လိုအပ်သောနေရာတွင် လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက မည်သည့်အရာမျှ အမှန်တကယ် ပြောင်းလဲနိုင်မည် မဟုတ်ချေ။ 

လက်ရှိ ချက်ချင်း ပြောင်းလဲရမည့်အရာများ

NUCC ဥပမာကို ပြန်ကြည့်လျှင် ဤသို့သော အားလုံးပါဝင်နိုင်မှု အားအကောင်းဆုံး စုဖွဲ့မှုတခုသည် တော်လှန်ရေး၏ မူဝါဒလမ်းညွှန်အဖွဲ့တခု ဖြစ်လာနိုင်သည့် ကြီးမားသော အလားအလာ ဆက်ရှိနေဆဲဖြစ်ပြီး လက်တွေ့တွင်လည်း အလွန်ထိရောက်မှုရှိသော အစုအဖွဲ့ ဖြစ်လာနိုင်သည်။ ၎င်း၏ အာဏာသည် အမိန့်ပေးကွပ်ကဲမှုစနစ်အပေါ် အခြေမခံဘဲ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီး၏ ပါဝင်မှုနှင့် ထုတ်ဖော်ပြသနိုင်မှုအပေါ် အခြေခံကာ တော်လှန်ရေး၏ နိုင်ငံရေးမျှော်မှန်းချက်ကို ရုပ်လုံးဖော်ပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းနှင့် စုစည်းကျစ်လျစ်မှု တည်ဆောက်ပေးခြင်း ဆောင်ရွက်ပေးနိုင်သည်။

သို့သော် ထိုသို့ဖြစ်လာရန် ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုသည် အားလုံးလိုက်နာရမည့် စည်းကမ်းတခု ဖြစ်လာရမည်။ ဆိုလိုသည်မှာ စွမ်းဆောင်မှုနှင့် လုပ်ပိုင်ခွင့်တာဝန်များကို စနစ်တကျ ပြန်လည်သုံးသပ်မှု ပြုလုပ်နိုင်ရန် လိုအပ်ပြီး ရှင်းလင်းသော အခန်းကဏ္ဍနှင့် တာဝန်များ၊ အပြန်အလှန် တာဝန်ခံမှုဆိုင်ရာ သဘောတူချက်များ၊ အဖွဲ့အစည်းလည်ပတ်ရေး အထောက်အကူပြုယန္တရား သို့မဟုတ် အုပ်ချုပ်မှုယန္တရားများ၊ ပါဝင်သူအစုအဖွဲ့အားလုံးက တန်းတူမှုနှင့် ပွင့်လင်းမြင်သာမှုကို စွဲကိုင်ကာ အဓိပ္ပါယ်ပြည့်ဝသော ပူးပေါင်းပါဝင်မှုကို လက်တွေ့ကျင့်သုံးရဲသည့် နိုင်ငံရေးသတ္တိ စသည်တို့ ရှိရန်လိုအပ်သည်။ ဤအစီအမံများ ရှိမှသာ စုပေါင်းခေါင်းဆောင်မှုဟူသည်ကို ကြွေးကြော်ထားသည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ 

CSO များသည် နောက်ဆုံးတွင် NUCC သို့မဟုတ် အခြားနိုင်ငံရေး ညွန့်ပေါင်းအဖွဲ့များ၏ ပြင်ပတွင်နေ၍ လှုပ်ရှားမှသာ ဗျူဟာအရ အကောင်းဆုံး ထိရောက်မှု ရှိနိုင်လိမ့်မည်။ ထိုသို့ ပြန်ခွာလိုက်ခြင်းသည် အပြန်အလှန်ထိန်းကျောင်းမှုအတွက် လိုအပ်သည့် သီးခြားလွတ်လပ်သူများ အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းရန် အထောက်အကူဖြစ်စေပြီး နိုင်ငံရေးဖြစ်စဉ်အပေါ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ စောင့်ကြည့်လေ့လာမှု ပြုလုပ်ခြင်းနှင့် ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ ကျူးလွန်ခံရသူများ တရားမျှတမှု ရရှိရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းနှင့် ပြန်လည်ကုစားမှုအတွက် ပံ့ပိုးကူညီခြင်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ 

ရှင်းလင်းသော စည်းဘောင်များထားကာ ထဲထဲဝင်ဝင် ဝင်ရောက်ပူးပေါင်းဆောင်ရွက်ရမည်ဟု အချို့က ဆိုကြသော်လည်း အချို့အခန်းကဏ္ဍများသည် ခပ်ခွာခွာနေရန် လိုအပ်သည်။ ကဏ္ဍအသီးသီးမှ CSO များသည် မူဝါဒရေးဆွဲရေးဆိုင်ရာ နိုင်ငံရေး အရှုပ်အထွေးများထဲတွင် ခြေမကျွံမိအောင်နေပြီး ဆွေးနွေးငြင်းခုံမှုများပြုလုပ်၍ လူထုအမြင်ကောက်ခံကာ ထိုမူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်များအတွက် အချက်အလက် ပံ့ပိုးပေးရန်သာ ဆောင်ရွက်သင့်သည်။ 

CSO များသည် ထိရောက်သော မူဝါဒများဖြစ်ပေါ်အောင် ဤနည်းလမ်းဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုကို အသုံးပြု၍ လွှမ်းမိုးမှုလုပ်နိုင်ပြီး တချိန်တည်းတွင် မူဝါဒအကောင်အထည်ဖော်မှုကို စောင့်ကြည့်ရသည့် အခန်းကဏ္ဍအတွက် လိုအပ်သော သီးခြားလွတ်လပ်မှုကိုလည်း မပျက်စီးအောင် ဆက်သိမ်းထားနိုင်သည်။ ဤအရာများအားလုံးသည် တော်လှန်ရေး ပိုမိုခိုင်မာအားကောင်းစေရေးအတွက် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍများဖြစ်သည်။ 

မိမိတို့သည် မတူညီသော အခန်းကဏ္ဍများ သီးခြားစီရှိနေခြင်းကို အသားကျအောင်လုပ်ရန် လိုအပ်သည်။ သို့မှသာ တော်လှန်ရေးသည် တိုးတက်မှုများရှိကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဟူသည့် ဘုံမျှော်မှန်းချက်နှင့် ပို၍နီးစပ်အောင် ရှေ့ဆက်လှမ်းနိုင်မည်ဖြစ်သည်။

ဤခရီးအထိရောက်အောင် လမ်းပြလာခဲ့သော စံတန်ဖိုးများကို စွန့်လွှတ်လိုက်၍ မဖြစ်ပါ

ဤတော်လှန်ရေးသည် ခေတ်သစ်သမိုင်းတွင် မည်သည့် ပလက်ဖောင်း၊ မဟာမိတ်စုဖွဲ့မှု သို့မဟုတ် ခေါင်းဆောင်ထက်မဆို ပို၍ကြီးမားသည်။ တော်လှန်ရေး၏ အောင်မြင်မှုသည် သက်ဆိုင်ရာ အင်အားစုများက ရှင်းလင်းပြတ်သားမှု၊ နှိမ့်ချမှု၊ တာဝန်ခွဲဝေဆောင်ရွက်မှု ရှိစွာဖြင့် အတူတကွ ခေါင်းဆောင်နိုင်စွမ်း ရှိမရှိအပေါ်တွင် မူတည်သွားလိမ့်မည်။

မိမိတို့ကို ဤခရီးအထိရောက်အောင် လမ်းညွှန်မှုပေးလာခဲ့သော စံတန်ဖိုးများကို စွန့်လွှတ်လိုက်၍ မဖြစ်ပါ။ မိမိတို့သည် မိမိကိုယ်ကိုယ် ခက်ခဲသော မေးခွန်းများ ပြန်မေးရန် လိုအပ်သည်၊ ရိုးသားပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးနိုင်မည့်နေရာများ ဖန်တီးရန်လိုအပ်သည်၊ ထို့အတူ မိမိတို့ကိုယ်တိုင် ဆက်ခံလိုသော နိုင်ငံရေးယဉ်ကျေးမှုတခုကို ကိုယ်တိုင် လက်တွေ့ကျင့်သုံးရန် လိုအပ်သည်။ 

ယခင်က မိမိ ရေးသားခဲ့သည့်အတိုင်း အဆီအငေါ်မတည့် ဖြစ်နေမှုများသည် ခြိမ်းခြောက်မှု တခုကဲ့သို့ ခံစားရစေနိုင်သည်။ သို့သော် ထိုအခြေအနေသည် အပြန်အလှန်ဆွေးနွေးမှု၊ သွေးစည်းညီညွတ်မှုနှင့် ရေရှည်အသွင်ပြောင်းလဲမှုအတွက်လည်း အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။

အတုအယောင် ရွေးကောက်ပွဲက လက်ရှိဖန်တီးနေသော အဆီအငေါ်မတည့် ဖြစ်နေမှုများနှင့် ပြဿနာများကို ပြန်လည်အသုံးချပြီး စုပေါင်းအင်အား တည်ဆောက်ကာ သွေးကွဲမှုဖြစ်စေသော အရာများကို နည်းနိုင်သမျှနည်းအောင် လျှော့ချကြပါစို့။ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက တော်လှန်ရေး မုချအောင်မြင်နိုင်မည်။ အာဏာရှင်စနစ်ကို ဖြိုချနိုင်မည်။

ခင်ဥမ္မာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013