Home
ဆောင်းပါး
တောင်အာရှက ရွေးကောက်ပွဲနိုင်ငံရေး
DVB
·
December 23, 2025

တောင်အာရှဒေသရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ အရေးပါတဲ့ ရွေးကောက်ပွဲ ၃ ခု ကျင်းပဖို့ ရှိနေပါတယ်။ 

ဒီရွေးကောက်ပွဲတွေကတဆင့် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာစေမလားဆိုပြီး မျှော်လင့်နေကြပါတယ်။ မြန်မာနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲ (ပထမပိုင်း) ကို ဒီဇင်ဘာ ၂၈ ရက်နေ့၊ ဘင်္ဂလားဒေ့ရှ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့နဲ့ နီပေါမှာတော့ မတ် ၅ ရက်နေ့တွေမှာ ဆက်တိုက် အသီးသီးပြုလုပ်သွားဖို့ ရှိနေပါတယ်။

စစ်အုပ်စုပြုလုပ်မဲ့ မြန်မာ့ရွေးကောက်ပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  အပါအဝင် အဓိကအတိုက်အခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်မခံကြပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ ရှိတ်ဟာစီနာဦးဆောင်တဲ့ အဝါမီလိဂ်ပါတီကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP)၊ ဂျမာအီး အစ္စလာမ်မီနဲ့ အမျိုးသားနိုင်ငံသားများပါတီ (NCP) တို့က ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ နီပေါမှာတော့ CPN-UML ပါတီက အစပိုင်းမှာ ရွေးကောက်ပွဲကို ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲ ကော်မရှင်ဆီ ပြန်မှတ်ပုံတင်ခဲ့ပါတယ်။ Gen Z လူငယ်တွေရဲ့ အုံကြွမှုအပြီး ဖျက်သိမ်းခံလိုက်ရတဲ့ လွှတ်တော်ကို ပြန်ခေါ်ပေးဖို့ တရားရုံးချုပ်မှာ လျှောက်ထားမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အခြေအနေက မရေမရာ ဖြစ်နေတုန်းပါပဲ။

ဒီရွေးကောက်ပွဲတွေက တကယ့် အပြောင်းအလဲတွေ ဖြစ်လာစေမှာလား

ဖော်ပြပါ နိုင်ငံ ၃ နိုင်ငံစလုံးမှာတော့ ရွေးကောက်ပွဲအလွန်ကာလမှာလည်း ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာနိုင်ဖွယ်မရှိပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် အဓိကအတိုက်အခံတွေ ဝင်မပြိုင်ကြတဲ့အတွက် စစ်အုပ်စုကပဲ အနိုင်ရသွားမှာပါ။ ဒါပေမဲ့ စစ်အုပ်စုကတော့ အဲ့ဒီတဖက်သတ် ရွေးကောက်ပွဲကိုပဲ အပိုင်းလိုက်ခွဲကျင်းပဖို့ လုပ်ဆောင်နေပါတယ်။ အဓိကပါတီကြီးတွေကတော့ ဒီရွေးကောက်ပွဲကို လက်မခံကြပါဘူး။ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပါတီပေါင်း ၅၇ ပါတီ အနက် ၂၉ ပါတီဟာ တိုင်းရင်းသားပါတီတွေဖြစ်ပြီး ၆ ပါတီကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ပြိုင်ကြမယ်လို့ဆိုပါတယ်။ 

နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့လည်း ဘာမှအဆိုပြုထားတာ မရှိပါဘူး။ စစ်တပ်ကသာ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ဆက်လက်ရယူထားဦးမှာပါပဲ။ ဒါ့အပြင် စစ်တပ်သြဇာခံ ကြံ့ခိုင်ရေးပါတီ (USDP) ကပဲ အနိုင်ရဖို့များနေတာ‌ကြောင့် စစ်အုပ်စုက နေရာပိုရလာနိုင်ပါတယ်။ အတိုက်အခံတွေကတော့ သူတို့ဝင်ပြိုင်လိုက်ရင် စစ်အုပ်စုလုပ်ရပ်ကို တရားဝင်ဖြစ်သွားစေမယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ သူတို့ပါပါ၊ မပါပါ စစ်အုပ်စုကတော့ ဂရုစိုက်မဲ့ပုံ မပေါ်ပါဘူး။ အခုချိန်မှာ စစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နယ်မြေစိုးမိုးရေးတိုက်ပွဲတွေကလည်း ပြင်းထန်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၅ နှစ်တကြိမ် လုပ်ရမဲ့ ဒီရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးရဖို့ထက် ပဋိပက္ခကို ပိုဆိုးစေမယ့်သဘော ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ကြားဖြတ်အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ လုပ်ဖို့ရှိပါတယ်။ ပြီးရင် ဖေဖော်ဝါရီ ၁၂ မှာ ၁၃ ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲ လုပ်မယ်လို့ သိရပါတယ်။ လောလောဆယ် အဝါမီလိဂ်ပါတီကတော့ အပိတ်ခံထားရတုန်းပါပဲ။ သမ္မတ မိုဟာမက် ရှာဟာဘူဒင် ချူပူ ကလည်း မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရလက်ထက်မှာ ဂုဏ်သိက္ခာကျဆင်းတယ်ဆိုပြီး ရာထူးက နုတ်ထွက်ချင်နေပါတယ်။ မကြာသေးခင်ကပဲ အင်ကီလပ် မန်ချာအဖွဲ့ခေါင်းဆောင် အော့စမန် ဟာဒီဟာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆွယ်ဖို့လုပ်တုန်း ပစ်ခတ်ခံခဲ့ရပါတယ်။ ဟာဒီဟာ ဇူလိုင် ၂၀၂၄ အရေးအခင်းတုန်းက အရေးပါခဲ့သူပါ။ နိုဝင်ဘာလတုန်းကလည်း ချတိုဂရမ်မှာလုပ်တဲ့ BNP လူထုစုဝေးပွဲ တိုက်ခိုက်ခံရပြီး တယောက်သေဆုံးခဲ့တယ်။ ဒီလိုသတ်ဖြတ်မှုတွေက ဖြစ်ရိုးဖြစ်စဉ်ကိစ္စလို ဖြစ်လာနေတာမို့ လာမယ့်ရွေးကောက်ပွဲမှာ တရားဥပဒေစိုးမိုးရေးက ပြဿနာတခု ဖြစ်လာနေပါတယ်။ အရင် အဝါမီလိဂ် အစိုးရ လက်ထက်တုန်းက ပါတီစုံ မပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေလိုပါပဲ၊ အခုလည်း အဝါမီလိဂ်ပါတီကို ပိတ်ပင်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမထားတာကြောင့် တရားဝင်မှု ရှိ၊မရှိ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးအပြောင်းအလဲဆိုတာ စိတ်ကူးသက်သက်ပဲ ရှိပါသေးတယ်။ နိုင်ငံရေးယဉ်ကျေးမှုက အရင်အတိုင်းပါပဲ။ လက်ရှိအစိုးရကလည်း အတိုက်အခံတွေရဲ့အမြင်ကို လက်မခံပါဘူး။ အစိုးရကို ဝေဖန်တဲ့ သတင်းထောက်တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ဖမ်းဆီးပြီး အသံတိတ်အောင် လုပ်နေပါတယ်။ ကြားဖြတ်အစိုးရ အဆိုပြုထားတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကလည်း လူထုဆန္ဒခံယူပွဲကနေ အတည်ပြုပေးဖို့ စောင့်နေရတုန်းပါပဲ။

နီပေါနိုင်ငံကတော့ မတ် ၅ ရက်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။ UML ခေါင်းဆောင် ကေပီရှာမာအိုလီက Gen Z လူငယ်တွေရဲ့ တော်လှန်ရေးကို  အလကားအလုပ်လို့ ပြောဆိုလိုက်ပြီး တိုင်းပြည်မရေမရာဖြစ်အောင်လုပ်တဲ့ လုပ်ရပ်လို့ စွပ်စွဲထားပါတယ်။ နီပေါကွန်ဂရက်ပါတီကတော့ လွှတ်တော်ဖျက်သိမ်းတာကို ကန့်ကွက်မလား၊ ရွေးကောက်ပွဲအသစ်ပဲ သွားမလားဆိုတာ ဝေခွဲမရဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၆ အရ အစိုးရအသစ်ဖွဲ့ပေးဖို့ တရားရုံးချုပ်မှာ လျှောက်ထားလိုက်ပါတယ်။

နီပေါမှာ နိုင်ငံရေးမတည်ငြိမ်မှုက နာတာရှည်ရောဂါလို ဖြစ်နေတာ ကြာပါပြီ။ ရွေးကောက်ခံ အခြေခံဥပဒေညီလာခံကနေ ဖွဲ့စည်းပုံအသစ်ရေးဆွဲပြီး 'နီပေါနိုင်ငံသစ်' တည်ဆောက်မယ်လို့ ကတိပေးခဲ့ပေမဲ့ အစိုးရတွေ ခဏခဏပြောင်းနေတာက ထုံးစံလို ဖြစ်နေတာပါ။ အာဏာက အိုလီ၊ ဒါဟယ်နဲ့ ဒူဘာဆိုတဲ့ ခေါင်းဆောင်လူတစုကြားမှာပဲ တဝဲလည်လည်ဖြစ်နေပါတယ်။ ပါတီတွင်းနဲ့ ပါတီအချင်းချင်း အားပြိုင်မှုတွေကြောင့် ဂိုဏ်းဂဏကွဲပြားမှုတွေဖြစ်နေပြီး ပိုမတည်မငြိမ် ဖြစ်စေပါတယ်။ အာဏာပါဝါသုံးပြီး မျက်နှာလိုက်တာတွေ၊ အဂတိလိုက်စားတာတွေက စနစ်ထဲအထိ အမြစ်တွယ်နေပါပြီ။ Gen Z တော်လှန်ရေးတုန်းက အပြောင်းအလဲတွေလုပ်မယ်၊ နိုင်ငံရေးပြုပြင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အတိတ်က သင်ခန်းစာတွေကို ကြည့်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးဆိုတာ မျှော်လင့်ချက်သက်သက်ပဲ ဖြစ်ဦးမှာပါ။ ဒီရွေးကောက်ပွဲက နီပေါနိုင်ငံရေးမှာ စွဲကပ်နေတဲ့ ရောဂါဆိုးတွေကို ကုစားနိုင်မှာ မဟုတ်ပါဘူး။

ခြားနားချက်

ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါက Gen Z လူငယ်တွေရဲ့ အုံကြွမှုဟာ နိုင်ငံရေးပုံစံသစ်အတွက် မျှော်လင့်ချက် ဖြစ်စေခဲ့ပါတယ်။ သူတို့ဟာ တာဝန်ယူမှုရှိပြီး သန့်ရှင်းတဲ့ အစိုးရမျိုး လိုချင်ကြတာပါ။ အလုပ်လက်မဲ့ပြဿနာနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လူငယ်တွေ ဒေါသထွက်ခဲ့ကြတာပါ။ ဒါပေမဲ့အဓိကအကြောင်းရင်းကတော့ ဝေဖန်သံတွေကို အစိုးရက အကြာကြီးပိတ်ပင်ထားခဲ့လို့ပါပဲ။ နှစ်နိုင်ငံစလုံးက လွှတ်တော်တွေဟာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တာဝန်ယူမှုကင်းမဲ့မှုအပေါ် ဒေါသပေါက်ကွဲပြစရာ နေရာတွေ ဖြစ်လာခဲ့ပါတယ်။

ပြည်သူ့ဆန္ဒနဲ့ အညီ တရားဝင်အစိုးရတရပ် ပြန်ဖြစ်ဖို့ဆိုတာ ရွေးကောက်ပွဲလုပ်မှပဲ ရမှာပါ။ ဒါပေမဲ့ နိုင်ငံရေး ယိုယွင်းနေရင်တော့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး မဖော်ဆောင်နိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေက နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ နီပေါကတော့ ၂၀၁၅ ခုနှစ် ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဋ္ဌာန်းပြီးခဲ့တာတောင်မှ  ဘာမှထူးခြားမလာတဲ့အတွက် မျှော်လင့်ချက် သိပ်မရှိတော့ပါဘူး။ ဒီလထဲ မဲဆွယ်စည်းရုံးမှုတွေ စလုပ်နေတဲ့ မြန်မာနိုင်ငံမှာကျတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါတို့ မျှော်လင့်နေတဲ့ နိုင်ငံရေးအပြောင်းအလဲမျိုး မဟုတ်ဘဲ စစ်အုပ်စုက သူတို့ရဲ့ အာဏာပိုခိုင်မာအောင် လုပ်မဲ့ သဘောသာ ရှိနေပါတယ်။

တောင်အာရှက ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီစံနှုန်းတွေကို ခိုင်မာအောင်၊ တာဝန်ယူမှုရှိတဲ့ နိုင်ငံရေးဖြစ်လာအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးသမား လူတစုလက်ထဲမှာပဲ အာဏာပိုခိုင်မြဲအောင် လုပ်ပေးသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ်မှာ အားနည်းချက်တွေ ရှိနေရင်တောင် လူတွေကတော့ ဒီစနစ်ကိုပဲ လိုလားကြပါတယ်။ အစိုးရကို ပြောင်းလဲဖို့အတွက် ဒါကပဲ တခုတည်းသော နည်းလမ်းဖြစ်နေလို့ပါပဲ။

ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှု ဖြစ်ထွန်းဖို့ဆိုတာ အချိန်ယူ တည်ဆောက်ရဦးမှာပါ။ နိုင်ငံရေးပါတီတွေထဲမှာ ပါတီတွင်းဒီမိုကရေစီ မရှိသရွေ့တော့ နိုင်ငံရေးအပြောင်းအလဲဆိုတာ စိတ်ကူးယဉ်သက်သက်ပါပဲ။ ရွေးကောက်ပွဲတွေဆိုတာ ငွေအား၊ လူအင်အားပြပွဲသက်သက် ဖြစ်နေဦးမှာပါ။ နီပေါက Gen Z တွေမှာ ခေါင်းဆောင် မရှိခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်လူငယ်တွေကတော့ အမျိုးသားနိုင်ငံသားများပါတီ (NCP) ဆိုပြီး နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်နေကြပါပြီ။ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါတို့ဟာ ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုတာ အချိန်ကပဲ အဖြေပေးပါလိမ့်မယ်။ မြန်မာနိုင်ငံကတော့ စစ်အုပ်စုလက်ထဲ ပြန်ကျရောက်ပြီး ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင်နေဖို့ပဲ ရှိပါတယ်။

စမရုတီ အက်စ် ပတ်တနိုက် 

Ref: Kathmandu Post

(နီပေါနိုင်ငံအခြေစိုက် Kathmandu Post သတင်းစာဝက်ဆိုက်တွင် ဆောင်းပါးရှင်  Smruti S Pattanaik  ရေးသားထားသည့် “Electoral Politics in South Asia” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ ဆောင်းပါးရှင် Smruti S Pattanaik သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မနိုဟာပါရီကာ ကာကွယ်ရေးနှင့် ဆန်းစစ်လေ့လာရေး အင်စတီကျု (MP-IDSA) မှ သုတေသနပညာရှင်တဦး ဖြစ်သည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013