Home
ဆောင်းပါး
အဓမ္မရွေးကောက်ပွဲ
DVB
·
December 18, 2025

နိုင်ငံတကာအကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး အခု ဒီ‌ဇင်ဘာလထဲမှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ အဓမ္မရွေးကောက်ပွဲ ဖြစ်ပါတယ်။ အခု ကျနော် ပေးထားတဲ့ ခေါင်းစဉ်နဲ့ ကွက်တိပါပဲ။ ဘာကြောင့် ပါလဲ။

ရပ်ထဲ ရွာထဲမှာ အပြောတမျိုး အလုပ်တမျိုးလူတွေကို ထိထိရောက်ရောက် ပြစ်တင် ရှုတ်ချတော့မယ်ဆိုရင် “အပြောကတော့ သောတပန်၊ အကျင့်ကတော့ ခွေးတိရစ္ဆာန်ပဲဟေ့” လို့ ပြောကြလေ့ရှိပါတယ်။

နောက်ပြီး ပြောတာလေး ရှိပါသေးတယ်။ 

“ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား”

စစ်ခေါင်းဆောင်က တဖက်က ဘုရားတည်ပြပြီး တဖက်က လူသတ်၊ မုဒိမ်းကျင့်၊ ရွာမီးရှို့ စာသင်ကျောင်းတွေ ဗုံးကြဲ၊ နေ့စဉ်ရက်ဆက် မတရားတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို တိရစ္ဆာန်လို ကျင့်ကြံနေတာ ကမ္ဘာက သိပါတယ်။

နောက်ထပ် ပြောချင်တဲ့ စကားကတော့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို ပြောရမဲ့ စကားပါ။

အမဲရိုးက ဟင်းဟိုးမှ အားမနာ မိုက်ရိုင်းပြီးရင် အလွန်မိုက်ရိုင်းတဲ့လူတွေပါပဲ။ သူခိုး အားပေး၊ ဓားပြအားပေးသူတွေလို့ပဲ ဒဲ့ပဲ ပြောချင်ပါတယ်။

နိုင်ငံတော်နဲ့ ပြည်သူကို မွဲပြာကျအောင် လုပ်နေကြတဲ့ နိုင်ငံတကာ အကြမ်းဖက် စစ်အုပ်စုနဲ့ ခေါင်းဆောင်အဖွဲ့က ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ပြီဆိုကတည်းက ဒီလိုလူတွေဟာ ပြသူလူထုရဲ့ ဘုံရန်သူတွေပါပဲ။ တနည်းအားဖြင့် အသားထဲက လောက်ထွက်ပြီး ဆန်ကော လောက်မှ စောက်မနက်တဲ့သူတွေပါပဲ။

ဒီလိုတွေပြောလို့၊ ရေးသားလို့ ဆောင်းပါးရေးသူ ကျနော့်ကို စာဖတ်သူက မီဒီယာ ဆိုတာ ဘက်မလိုက်ရဘူးလို့ ပြောလာရင် ကျနော့်မှာ အဖြေရှိပါတယ်။ ကျနော် မီဒီယာကျင့်ဝတ်ကို နားလည်ပါတယ်။ ကျနော် လိုက်နာပါတယ်။

၁။ ကျနော် ရေးနေတာ အမှန်တရားတွေပါ။ 

၂။ ဘယ်သူကမှ ပိုက်ဆံပေးပြီး ရေးခိုင်းလို့ ရေးတာမဟုတ်ပါ။

၃။ ကျနော် ရေးတဲ့ ဆောင်းပါးကို ကျနော် အပြည့်အဝ တာဝန်ခံပါမယ်။

ကျနော်ဟာ ပြည်သူဘက်က ရပ်တည်ပြီးရေးသားတဲ့ သတင်းစာဆရာတယောက်အဖြစ် ခံယူထားလို့ ပြည်သူလူထုဘက်က ရပ်တည်ပြီး အမှန်တရားကို ရေးပါတယ်။ ပြောပါတယ်။ ဒါကို ဘက်လိုက်ပြီး ရေးသားတယ်လို့ ပြောလည်း၊ ဟုတ်ပါတယ်။ ပြည်သူလူထုဘက်က လိုက်ပါတယ်။ အမှန်တရား၊ အရှိတရားကို ချပြ၊ ရေးပြ ပြောပြရမယ့်တာဝန်၊ အသံထွက်ပေးရမဲ့ တာဝန်အရ ရေးသားတယ်လို့ပဲ ကျနော် ခံယူပါတယ်။

မင်းအောင်လှိုင်တို့ ရွေးကောက်ပွဲဟာ အဂတိလေးပါးလိုက်စားပြီး ကျင်းပမဲ့ ရွေးကောက်ပွဲပါ။ မှန်ကန်တည့်မတ်တဲ့ လမ်းကြောင်းအမှန်နဲ့ ကျင်းပမဲ့ ရွေးကောက်ပွမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတကာကလည်း လက်မခံဘူးဆိုတာ ရှင်းရှင်းကြီး ထုတ်ဖော်ကြေညာထားကြပြီးသားလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်တို့အုပ်စုကတော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်ဆိုပြီး ပြောတယ်။ ဒါကို သံယောင်လိုက်ပြီး အာဏာရူးပါတီတွေ လိုက်ပြောကြတယ်။ ခဏလောက် နောက်ပြန်လှည့်ပြီး တချက်ကလေး စဉ်းစားကြည့်ကြစေချင်ပါတယ်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးရဲ့ အခင်းအကျင်းကို ပြန်စဉ်းစားကြည့်ကြပါဦး။ ပြည်သူလူထုရဲ့ တခဲနက် ပူးပေါင်းပါဝင်မှုတွေ၊ နိုင်ငံတကာက အသိအမှတ်ပြုထောက်ခံမှုတွေ၊ မဲရုံကို မဲလာပေးကြတဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်အိပ်မက်တွေ စတဲ့ ပြည်သူလူထုရဲ့  အသည်းကြားထဲက ရွှေရောင်အနာဂတ်အိပ်မက်တွေကို ဘယ်သူတွေ ရိုက်ချိုးခဲ့တာလဲ။ ဘယ်လူမဆန်တဲ့ကောင်တွေက ကျနော်တို့ အနာဂတ်ကို ခိုးယူသွားတာလဲ။ 

ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုရဲ့အောက်မှာ မြန်မာပြည်သူလူထု တရပ်လုံးနဲ့ ကျနော်တို့လို လူငယ် လူရွယ်တွေရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကမ္ဘာကို ခင်များတို့စစ်အုပ်စု အပေါင်းအပါနဲ့ အာဏာရူး၊ ဥစ္စာရူး တဏှာရူးတွေပဲ ဖျက်ဆီးခဲ့ကြတယ်။ သတ်ဖြတ်ခဲ့ကြတယ်။ မီးလောင်တိုက်သွင်းခဲ့ကြတယ် မဟုတ်ဘူးလား။ ရှင်း‌ရှင်းပြောရရင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူ မှန်သမျှ ဒဲ့ရွံတယ်ဗျာ။  ဒါကြောင့်မို့ ဒီလူတွေဟာ အပြောသောတာပန် အကျင့်တိရစ္ဆာန်လို့ ကျနော် ပြောရခြင်း‌ဖြစ်ပါတယ်။  ဒါတောင်မှ ကျနော့် ဆောင်းပါးထဲမှာ ထည့်မရေးနိုင်တဲ့ လူမဆန်တဲ့ ကိစ္စရပ်တွေ ဒုနဲ့ဒေး အများကြီး ရှိနေပါသေးတယ်ဗျာ။

ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ နာယကကြီး ဘဘဟံသာဝတီဦးဝင်းတင်ရဲ့ အဆုံးအမ လမ်းညွှန်ချက်လေး သတိရမိသေးပါတယ်။ 

လူဆိုတာ အမှန်တရားဘက်က ရပ်တည်နေရုံနဲ့ မပြီးသေးဘူးတဲ့။ တာဝန်ကျေတယ်လို့ မဆိုသာသေးဘူးပေါ့ဗျာ။ အမှားကိုလည်း ကုပ်နေပြီး ဆွဲထုတ်တန်သည် ဆွဲထုတ်ရတယ်။ ဖော်ထုတ်ရဲတဲ့ သတ္တိလည်း ရှိရမယ် ဆိုပြီး ဘဘက ထိထိရောက်ရောက် ဆုံးမတာလေးလည်း ဒီနေရာမှာ အံဝင်ခွင်ကျ ဖြစ်မိပါတယ်။

ကျနော်တို့တတွေဟာ အမှန်တရားကို မပြောရဲ၊ မဖော်ထုတ်ရဲဘူး ဆိုရင်တောင် အမှားတရားနောက် လူယုတ်မာတွေနောက်တော့ မ‌လိုက်ကြဖို့ လိုပါမယ်။ ကိုယ့်သေတွင်း ကိုယ်မတူးမိကြဖို့ လိုပါမယ်။ ကျနော်တို့ ပြည်သူလူထုဟာ “တခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသလိုပါပဲ။ ကျနော်တို့ဟာ နိုင်ငံတကာ အကြမ်းဖက်စစ်အုပ်စု လူယုတ်မာတသိုက်ကြောင့် အကြိမ်ကြိမ် သေခဲ့ကြရပါပြီ။ ဒီတကြိမ်တော့ နောက်ဆုံး ဖြစ်ပါစေ။

နိဂုံးချုပ်အနေနဲ့

လယ်တီဆရာတော်ဘုရားကြီးရဲ့ တရားကို နှလုံးသွင်းပြီး ရုန်းကြစေချင်ပါတယ်။

“အခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်

အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲမှ မခဲချင်လျှင်

အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းမှ မရုန်းချင်လျှင်

အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

အဲဒီတော့ ကျနော်တို့ဟာ စကမရဲ့ အတုအယောင် မိစ္ဆာရွေးကောက်ပွဲကို အားမပေးကြပါနဲ့။ မပူးပေါင်းကြပါနဲ့။ 

“ဒီနွားပြာကြီး အကြောင်းသိရင် ဒီသားရေကို ဖင်ခုမထိုင်ဘူးဆိုတဲ့ စကားပုံအတိုင်း၊ နွားစိမ်း၊ နွားဝါ၊ နွားရောင်စုံတွေအကြောင်းတော့ ပြည်သူလူထုက စောဖေတို့က နောကျေအောင်သိတယ်ဆိုတာ ပြသတဲ့အနေနဲ့ ကိုယ့်အိမ်မှာပဲ လုပ်စရာရှိတာကို မျက်စိကိုဖွင့် နားကိုစွင့်ပြီး ကိုငှက်ကြီး သီချင်းလေးနဲ့ ငြိမ့်နေလိုက်ပါ။ ဖွင့်ပြီး နားထောင်ရမယ့်  ကိုထူးအိမ်သင် သီချင်းကတော့ ‘တနေ့တာ အလွဲများ’ သီချင်းပဲ ဖြစ်ပါတော့တယ်။ အဲဒီနေ့မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ လွဲနေအောင် လုံးမပတ်သက်ဘဲ ခပ်ဝေးဝေးနေဖို့ အရေးကြီးဆုံးအလုပ်ပါပဲ ဆိုတာ လိုတိုရှင်း ထိမိ တိုက်တွန်းလိုက်ပါတယ်။

ချစ်မင်းနွဲ့ကြည်    

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013