Home
မြန်မာသတင်း
စစ်ကောင်စီက ကျားဖြန့်တိုက်ဖျက်ရေးဗဟိုကော်မတီကို ဘာကြောင့်ဖွဲ့စည်းတာလဲ
DVB
·
December 17, 2025

စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းတွေ ဖြစ်တဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းလိုက်တာဟာ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့ထက် တခြားရည်ရွယ်ချက်တွေ ရှိနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။  

စစ်ကောင်စီက အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေကို တိုက်ဖျက်ဖို့ဆိုပြီး ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရေ ၁ ရက်က ပြဋ္ဌာန်းခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာ စတင်ကျင့်သုံးနိုင်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာ  အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ ဆိုပြီးလည်း ဒီဇင်ဘာ ၁၀ ရက်က ဖွဲ့စလည်းလိုက်ပြန်ပါတယ်။

စစ်ကောင်စီက အခုလို ကော်မတီ ဖွဲ့စည်းလိုက်တာဟာ လူအများက ကျားဖြန့်လို့ခေါ်တဲ့ ဒီအွန်လိုင်းလိမ်လည်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ထက် မြန်မာ အပါအဝင် အရှေ့တောင်အာရှမှာ ခရစ်ပတိုငွေကြေး အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် အမေရိကန်က Scam Center Strike Force ဖွဲ့စည်းပြီးနောက် ဟန်ပြဆောင်ရွက်တာသာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

တရားလွှတ်တော်ရှေ့နေ့ ဦးကြီးမြင့် က “စစ်အာဏာရှင်အောက်မှာ ဘာမှ တရားမျှတမှုဆိုတာ ရှိမှာ မဟုတ်ဘူး။ အခုဟာက တရုတ်က အကျပ်ကိုင်လို့၊ လောက်ကိုင်ဘက်မှာ တခါ အကျပ်ကိုင်ခံရလို့၊ အခု အမေရိကန်ကနေ ထိုင်းမှာ အခြေစိုက်ပြီးတော့ တိုက်ဖို့ ဖွဲ့လိုက်တဲ့ဟာကို လန့်ဖျပ်ပြီးတော့ ဟန်ပြတွေ လုပ်လိုက်တာ” လို့ ပြောပါတယ်။

မြန်မာအင်တာနက်ပရောဂျက် (MIP) က ဒီဂျစ်တယ် လွတ်လပ်ခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်ကလည်း စစ်ကောင်စီက ဒီကော်မတီဖွဲ့စည်းတာဟာ အမေရိကန် ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေး အထူးအဖွဲ့  (Scam Center Strike Force) ဖွဲ့စည်းမှုရော၊ တရုတ်နိုင်ငံရော အိမ်နီးချင်းနိုင်ငံတွေရော ကျယ်ကျယ်လောင်လောင် ပြောလာတာကြောင့် အရေးယူပြတာတွေ၊ တိုက်ဖျက်မှုတွေ ဆောင်ရွက်နေပါတယ်ဆိုတာတွေ ထုတ်ပြ ပြောပြနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်တာလို့ သုံးသပ်ပါတယ်။ 

“နောက်တခုကတော့ တရုတ်နိုင်ငံရဲ့ ဖိအားတွေလည်း အများကြီး ရှိနိုင်တယ်ပေါ့နော်။ နောက်ပြီးတော့ ဒီဟာက ကျားဖြန့်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်တယ်ဆိုပြီးတော့ တအား ရှေ့တန်း ရောက်လာတဲ့အခါမှာ ပုံရိပ်ကိုလည်း သူတို့ ချေဖျက်ဖို့ ကြိုးစားတယ်လို့ ယူဆလို့ ရတယ်ပေါ့နော်။ နောက်တခုကတော့ ဒီထဲမှာ နိုင်ငံရေးအရ၊ တခြားသော အဂတိနဲ့ပတ်သက်တဲ့ ကိစ္စတွေရာ ဒီလိုကိစ္စတွေအားလုံးမှာ စစ်အုပ်စုက တချို့သော ပါဝင်ပတ်သက်တယ်ဆိုတဲ့ အသံတွေလည်း ကြားနေရတယ်ဆိုတော့ ဒီဟာတွေအားလုံးနဲ့ ပတ်သက်ပြီးတော့ ဒီအခြေအနေတွေ အားလုံးကို ချေဖျက်နိုင်ဖို့ ခွင်ကောင်းရနိုင်ဖို့ ဒါတွေကို အရေးတယူ ဆောင်ရွက်နေတယ်ဆိုတဲ့ အခြေအနေမျိုးတွေကို ပြသဖို့အတွက် ဒီလိုဟာတွေကို လုပ်လာတယ်လို့ မြင်ကြည့်လို့ ရပါတယ် ခင်ဗျာ။”

စစ်ကောင်စီက အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေကို တိုက်ဖျက်ဖို့ဆိုပြီး ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းထားပေမဲ့ ဒီဥပဒေကိုသုံးပြီး ဖမ်းဆီး အရေးယူခဲ့တာဟာ တခုတည်းသာ တွေ့ရှိရတယ်လို့လည်း မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ လေ့လာချက်အရ သိရပါတယ်။

MIP ရဲ့ ဒီဂျစ်တယ်လွတ်လပ်ခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ် “၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ပေါ့နော်၊ အဲ့ဒီမှာ မြဝတီမှာရှိတဲ့ ရွှေကုက္ကိုလ်နဲ့ KK Park က စင်တာတွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့တဲ့ဟာ ရှိတယ်ပေါ့နော်။ အဲ့ဒီမှာ နိုင်ငံခြားသား ၆၀၀ ကျော်ကို ဖမ်းခဲ့ပြီးတော့ ကွန်ပျူတာ အလုံးရေ ၂၀၀ ကျော်နဲ့ ဖုန်းအလုံးရေ ၂ သောင်းလောက်ကို သိမ်းဆည်းခဲ့တာ တွေ့တယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီဟာကိုတော့ ဆိုက်ဘာလုံခြုံရေးဥပဒေအရ ဆိုပြီး ပြောတာကိုတော့ တွေ့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ ၆၈ (င)၊ ၆၉၊ ၇၁ (က)၊ ၇၁ (ခ) တို့ဟာ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ပတ်သက်တဲ့ ဥပဒေပုဒ်မတွေ ဖြစ်ကြပါတယ်။ 

ပုဒ်မ ၆၉ ဖော်ပြချက်မှာတော့ ဆိုက်ဘာအရင်းအမြစ်ကိုသုံးပြီး အွန်လိုင်းကနေ ငွေကြေးခိုးယူတာ၊ အကျိုးဖျက်ဆီးတာမျိုး ကျူးလွန်ရင် ဒါမှမဟုတ် တခြားတယောက်ကို ပြုလုပ်ခိုင်းစေပါက ထောင်ဒဏ် ၂ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013