
ကမ္ဘာ့နိုင်ငံများ၏ ပဋိပက္ခအကျပ်အတည်းများကို စောင့်ကြည့်လေ့လာနေသည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကြီး (International Crisis Group- ICG) မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆေး၏ မြန်မာစစ်အုပ်စု ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်သည် လေ့လာသိရှိထားသင့်သည့် အကြောင်းများဖြစ်၍ ကောက်နုတ်တင်ပြလိုက်ပါသည်။
ဘာတွေ ဖြစ်နေလဲ
မြန်မာစစ်အုပ်စုသည် အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာတွင် ၎င်းတို့အား လူထုက ထောက်ခံနေကြောင်း ပြသရန် တဖက်သတ်နိုင်လွန်းသည့် ရွေးကောက်ပွဲ ဆိုသည်ကို ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့အား ဖြုတ်ချရန် ပြည်သူ့တော်လှန်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်နေကြချိန်တွင်လုပ်မည့် ပွဲမျိုးလည်း ဖြစ်သည်။ သို့သော် အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက ပြစ်တင်ရှုတ်ချလာကြသဖြင့် ၎င်းတို့အား တရားဝင်အဖြစ် အသိအမှတ် ပြုခံရရေးသည် ထိခိုက်ပျက်စီးလာခဲ့ရပြီ ဖြစ်သည်။
ရွေးကောက်ပွဲ ဘာကြောင့်လုပ်
၎င်းတို့လုပ်မည့် ရွေးကောက်ပွဲသည် တကယ်တမ်းတွင် လူထု၏သဘောထား သိနိုင်ရန် လုပ်ခြင်းမျိုး မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ် အုပ်ချုပ်ရေးမှ အရပ်သားအစိုးရအဖွဲ့သို့ အာဏာလွှဲပြောင်းပေးရန် လိုအပ်နေသဖြင့် လုပ်ရသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ယန္တရားသာ ဖြစ်သည်။ ၎င်းတို့အား ထောက်ခံမည့်ပါတီ အနိုင်ရအောင် ရည်ရွယ်လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။
ပြည်ပတွင်လည်း အနည်းဆုံး အာဆီယံနိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။ တရုတ်သည်လည်း စစ်အာဏာရှင်များထက် အရပ်သားပုံစံ အစိုးရပုံစံမျိုးနှင့်သာ ရှေ့လျောက် ဆက်ဆံသွားလို၍ ၎င်းတို့အား အချိန်ထပ်မဆွဲဘဲ အမြန်ဆုံး လုပ်ရန် တွန်းအားပေးလာခဲ့သည်။
ရွေးကောက်ပွဲ လုပ်ပုံလုပ်နည်း
ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၃၃၀ အနက်ဒီဇင်ဘာ ၂၈ တွင် ၁၀၂ မြို့နယ်၊ ဇန်နဝါရီ ၁၁ တွင် ၁၀၀ မြို့နယ်၊ ဇန်နဝါရီ ၂၅ တွင် ၇၂ မြို့နယ်ဟူ၍ သုံးကြိမ် ခွဲလုပ်မည်ဟု ဆိုသည်။ ၅၆ မြို့နယ်တွင် ရွေးကောက်ပွဲ မလုပ်နိုင်ဟု ကြေညာထားပြီးဖြစ်သော်လည်း လုပ်မည့်ရက် နီးကပ်လာသည်နှင့်အမျှ ထပ်တိုးဖို့ ရှိနေသည်။
မြို့နယ် တခုတွင် မဲရုံတရုံတည်း ဖွင့်နိုင်သည် ဆိုစေဦး၊ ဥပဒေအရ အထမြောက်နေသဖြင့် တပ်ရင်း တပ်ဖွဲ့စခန်းတခုထဲတွင် ဖွင့်ထားခဲ့လျှင်ပင် အကျုံးဝင်နေပြီ ဖြစ်သည်။ ထို့ကဲ့သို့သော နေရာမျိုးတွင် မဲလာထည့်ချင်သည် ဆိုစေဦး၊ ထည့်စရာ မဲရုံ မရှိ ဖြစ်နေသည်။
မြန်မာသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မတူညီသော မဲပုံနည်းစနစ် နှစ်မျိုးကို ရှုပ်ထွေးစွာ ပေါင်းစပ် အသုံးပြုသွားဖို့ ရှိနေသည်။ ယခင် အသုံးပြုနေကျ အများဆုံး မဲရသူ အနိုင်ရသည့် first-past-the-post စနစ်နှင့် အချိုးကျ ကိုယ်စားပြုစနစ် PR (proportional representation) တို့ ဖြစ်သည်။
PR စနစ်ဖြင့် ပါတီငယ်များအား ၎င်းတို့ရရှိသည့် မဲအရေအတွက်အပေါ် အခြေခံ၍ ကိုယ်စားလှယ် နေရာများကို ခွဲတမ်းနှင့် ဖော်မြူလာကို အသုံးပြု၍ ခွဲဝေချထားပေးမည် ဖြစ်သည်။ ထိုသို့ ရှုပ်ရှုပ်ထွေးထွေး လုပ်လာ၍ ပွင့်လင်းမြင်သာမှု မရှိတော့ဘဲ လိုသလို လှည့်စားနိုင်သည့်အတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာရသည်။
၁၆၈ နေရာ ရှိသည့် အမျိုးသားလွှတ်တော်၏ တဝက်ကို PR စနစ် ဖြင့် ဖြည့်တင်းပေးမည်၊ ၃၅၀ နေရာရှိသည့် ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံး ရသူ အနိုင်ရသည့် first-past-the-post စနစ် သုံးမည်၊ ပြည်နယ်၊ တိုင်း လွှတ်တော်များအတွက် စနစ် နှစ်မျိုး ရောသုံးမည်ဟူ၍ သတ်မှတ်ထားသည်။ သို့သော် ရွေးကောက်ခံမဟုတ်သည့် ၂၅ ရာနှုန်းသော စစ်တပ် ကိုယ်စားလှယ်များအတွက် ချန်လှပ်ထားသည်။
ပါတီပေါင်း ၅၇ ပါတီ ယှဉ်ပြိုင်မည် ဖြစ်သော်လည်း စစ်တပ်ကို ဆန့်ကျင်သည့် သဘောထားမျိုး တစွန်းတစပင် ထုတ်ဖော် ပြောဆိုဖူးသည့် ပါတီဟူ၍ မတွေ့ရ၊ ၆ ပါတီသာ နိုင်ငံအနှံ့ ပြိုင်ရန် ရှိနေသည်။ ထိုအထဲတွင် ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော် ပြိုင်မည့် စစ်တပ်ပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် အကြီးဆုံး ဖြစ်နေသည်။ USDP သည် ရွေးကောက်ပွဲမစတင်မီကပင် ၂၈ နေရာတွင် ပြိုင်ဘက်မရှိ၍ တဦးတည်း ဗိုလ်စွဲတော့မည် ဖြစ်သည်။
USDP သည်သာ သေချာပေါက် အနိုင်ရဖို့ရှိနေသည့်ကြားမှ စစ်အုပ်စုသည် လွှတ်ပေးထား၍ မဖြစ် ဆိုကာ USDP မှ အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဟု ယူဆထားသော အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီအား သတ်မှတ်ချက်များနှင့် မကိုက်ညီဟုဆိုကာ စစ်အုပ်စု၏ ရွေးကော်က ပယ်ဖျက်ပစ်လိုက်သည်။ အလားတူ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ခေါင်းဆောင် ဒေါ်သက်သက်ခိုင် ကိုလည်း နိုင်ငံတော်အား ပေးစရာအကြွေးရှိသည်ဆိုကာ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ပြန်သည်။ ထိုသို့ လုပ်နိုင်ရန်လည်း ရှိပြီးသား ဥပဒေတွင် နောက်ထပ် တပိုဒ် ထပ်တိုးလိုက်ခြင်းသာ ဖြစ်သည်။
ထိုသို့ ဆုံးဖြတ်လုပ်ကိုင်လာခြင်းသည် USDP လွှတ်တော်အတွင်း ကြီးစိုးနိုင်ရေးကို အမှန်အကန် ခြိမ်းခြောက်လာနိုင်သည် ဆိုသော စစ်အုပ်စု၏ စိုးရိမ်ကြောင့်ကြမှုကို ပြသလိုက်ခြင်းပင် ဖြစ်သည်။
ဖြစ်လာနိုင်သည့်အကြမ်းဖက်မှုများ
အကြမ်းဖက်မှုများသည် စတင်ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာရန်လည်း ရှိနေသည်။ ယင်းအန္တရာယ်များသည် အပြန်အလှန် ဆက်စပ်နေသော အကြောင်းအရင်း သုံးမျိုးမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စစ်အုပ်စုက ရွေးကောက်ပွဲများကို အတင်းအကျပ် လုပ်လာခြင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ဆန့်ကျင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေခြင်းနှင့် စစ်ပွဲ ဖြစ်ပွားနေသဖြင့် ရွေးကောက်ပွဲဆိုင်ရာ အခြေခံအဆောက်အအုံများ အလွန်အမင်း ထိခိုက်လွယ်မှုတို့ကြောင့် ဖြစ်ပါသည်။
ပထမအချက်အနေဖြင့် စစ်တပ်သည် အပျော့စား ကန့်ကွက်မှုမျိုးကိုပင် ပြင်းထန်သော နည်းလမ်းများကို အသုံးပြု၍ နှိမ်နှင်းလာ၍ ၎င်းတို့အပေါ် လူထု၏ ဒေါသသည် ပို၍ နက်ရှိုင်းလာသည်။ ဒုတိယကား တော်လှန်ရေးအင်အားစုအားလုံးသည် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်နေပြီး ပူးပေါင်းနေသူများကို ပစ်မှတ်ထား တိုက်ခိုက်လာသည်။ တတိယ အချက်ကား မဲရုံများအား ကျောင်းများနှင့် ရုံးများတွင် ဖွင့်လှစ်ထားပြီး လုံခြုံရေးလည်း မည်ကာမတ္တာမျှသာ ပေးနိုင်သည့် အခြေအနေတွင် ကျောင်းဆရာ ဆရာမများ၊ အစိုးရ ဝန်ထမ်းများအား မဲရုံစောင့်အဖြစ် အတင်းအကျပ် လုပ်ခိုင်းထားသည်။ ထိုမဲရုံများ အလွယ်တကူ တိုက်ခိုက်ခံရဖို့ ရှိနေသည်၊ နီးရာဓားကို ကြောက်၍ မဲလာထည့်သူများပင် ပူးပေါင်းသူများဟု ယူဆခံရပြီး တိုက်ခိုက်ခံရနိုင်သည်။ ထို့အတွက် အရပ်သားများနှင့် ဝန်ထမ်းများအတွက် အန္တရာယ်များ ရောပြွမ်းနေသည်။
ထွက်ပေါ်လာမည့် ရလဒ်ကား USDP သည်သာ သေချာပေါက် အနိုင်ရမည်ဆိုသည်ကား သံသယဖြစ်ဖွယ်မရှိ၊ စစ်အုပ်စုအဖို့ကား အောင်ပွဲဟု ယူဆနိုင်သော်လည်း နိုင်ငံရေး အကျပ်အတည်းကိုကား မည်သို့မျှ ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် တော်လှန်ရေးအင်အားစုများ၏ စိတ်ဓာတ် ခွန်အားကိုလည်း ရိုက်ချိုးနိုင်မည် မဟုတ်ပေ။
၂၀၂၆ ခုနှစ် ဧပြီလတွင် အာဏာရလာမည့် အဖွဲ့သစ်သည် ဖြေရှင်းနိုင်မည့် ရွေးချယ်စရာများ နည်းပါးနေမည်ဖြစ်ပြီး၊ ယုံကြည်ကိုးစားခံရခြင်းလည်း ရှိမည်မဟုတ်၍ နိုင်ငံကို အပြုသဘောဆောင်သော ဦးတည်ရာသို့ ရွေ့လျားနိုင်မည့် မဟာဗျူဟာလည်း ရှိမည်မဟုတ်ပေ။
မင်းအောင်လှိုင်
မင်းအောင်လှိုင် ကိုယ်တိုင်လည်း ရှေ့လျှောက် အနာဂတ်က မရေမရာ အဖြစ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ အာဏာသိမ်းပြီးကတည်းက စိတ်ထင်ရာ လုပ်ပိုင်ခွင့် အာဏာများ ရှိလာခဲ့သည်။ ထိုအာဏာများထဲမှ အနည်းငယ်မျှ စွန့်လွှတ်ခဲ့ရုံမျှနှင့်ပင် ၎င်းအတွက် အန္တရာယ်ရှိလာနေသည်။
ဖွဲ့စည်းပုံက သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့အား အာဏာများ ခွဲဝေပေးထား၍ မင်းအောင်လှိုင်အဖို့ တခုခု ရွေးရဖို့ ဖြစ်လာသည်။ သို့မဟုတ်ကလည်း တိန့်ရှောင်ဖိန်ကဲ့သို့ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရာထူးမျိုး ဖန်တီးလာရဖို့သာ ရှိသည်။ (လက်ရှိလည်း စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူး ဖန်တီးယူထားသည်။)
မည်သို့ပင်ဆိုစေ နေရာတိုင်းတွင် ၎င်းအား သစ္စာခံမည့်လူများရှိရန် လိုလာသည်။ ထိုလူများကလည်း သူ့အလိုအတိုင်း လိုက်လုပ်ကြမည်ဟု အာမမခံနိုင်၊ ယခင်ကကဲ့သို့ ရာထူးခန့်ခြင်း၊ ထုတ်ခြင်းတို့ လုပ်ချင်တိုင်း လုပ်၍ မရတော့သောကြောင့် ဖြစ်သည်။
စစ်ဗိုလ်ချုပ်များလည်း ယခုမှ စိတ်အေးရတော့မည်ဟု တွက်ဆလာကာ အစိုးရအသစ်ထံမှ အခွင့်အရေး ရအောင် ဝင်ပူးကြတော့မည် ဖြစ်သည်။
ခင်ရီ
USDP ရွေးကောက်ပွဲ အနိုင်ရရှိသွားမှုနှင့်အတူ ပါတီခေါင်းဆောင် ခင်ရီအား အာဏာများ လွှဲပြောင်းပေးရတော့မည် ဖြစ်သည်။ ခင်ရီသည် မင်းအောင်လှိုင်ထက် အသက်အားဖြင့်ကော၊ စစ်သက်အရပါ ကြီးသူ ဖြစ်သည်။ စစ်တပ်တွင် လျစ်လျူရှုထား၍ မရသည့် ဝါစဉ်မျိုး ဖြစ်သည်။
နိုင်ငံတကာတုံ့ပြန်မှု
နိုင်ငံခြားအစိုးရများကလည်း ထိုကဲ့သို့ တဖက်သတ် ရွေးကောက်ပွဲမျိုးဖြင့် ထွက်ပေါ်လာမည့် အစိုးရမျိုးကို ယခင်လိုပင် အသိအမှတ်ပြုရန် ရှောင်ရှားနေကြဦးမည်သာ ဖြစ်သည်။
နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တောင်းဆိုချက်များအတွက် ဖြည့်ဆည်းပေးရန် ရှိနေသည်။ တဖက်ကလည်း နိုင်ငံရေး တည်ငြိမ်မှုကို မဖန်တီးနိုင်သော ချို့ယွင်းချက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ သို့မဟုတ် စီးပွားရေး စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်စေရန်အတွက် အထောက်အကူပြုမည် မဟုတ်ဆိုသည်ကို သိနေကြသည်။
မြန်မာပြည်သူများအဖို့က နိုင်ငံကို အုပ်ချုပ်နေသူ များ၏။ ပျက်ကွက်မှုနှင့် ၎င်းတို့ ဖန်တီးခဲ့သော ပဋိပက္ခအတွက် ကြီးမားသော တန်ဖိုးကို ဆက်လက်ပေးဆပ်နေရဦးမည်သာ ဖြစ်သည်။
Ref: International Crisis Group


