
၂၀၂၅ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့အနိုင်ရတဲ့ နံပါတ်တစ် နေရာကို တခြားပါတီကိုပေးပြီး နံပါတ် ၂ ဒုတိယ နေရာပဲယူချင်တယ်လို့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
လာမဲ့ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတရားမျှတရင်တောင် ဒုတိယနေရာ မှန်းထားတာကပဲ အေးချမ်းပါတယ်လို့ တနိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကျားဖြူပါတီရဲ့ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်က မှော်ဘီမြို့နယ်မှာ ကျင်းပတဲ့ ပါတီဝင်တွေနဲ့ လူထုတွေ့ဆုံပွဲတွေမှာ ပြောဆိုလိုက်တာပါ။
စိုင်းအိုက်ပေါင်းက “ပါတီထဲမှာ ကြည့်ရတာ ကျနော်တို့ကျားဖြူပါတီက ကျနော် အမြဲတမ်း ပြောတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်တယ်ဆိုရင် ကျနော်တို့ ကျားဖြူပါတီက နံပါတ် ၂ ဖြစ်မယ်။ ဒုတိယ အများဆုံးနိုင်နိုင်တယ်။ ကျနော်တို့က ဒုတိယပဲ ယူတာ ကောင်းပါတယ်နော်၊ မကောင်းဘူးလား။ အဲဒီတော့ နံပါတ်တစ် လိုချင်လို့လား။ တစ်တော့ မလုပ်ပါနဲ့ဗျာ၊ သူများကိုပဲ ပေးလိုက်ပါ။ ၂ ပဲယူလိုက်တာ အကောင်းဆုံးပါ။ ၂ ပဲယူလိုက်တာ အေးချမ်းပါတယ်။ မကောင်းဘူးလား။ နံပါတ် ၂ နေရာယူချင်လား၊ ယူချင်ပါတယ်။ နောက်ကရော ယူချင်လား မယူချင်ဘူးလား။ နံပါတ် ၂ မှ သေချာတယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကြိုးစားရမယ်နော်”လို့ ပြောပါတယ်။
၂၀၂၅ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ယှဥ်ပြိုင်မဲ့ ပါတီ ၆ ခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လယ်သမားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီနဲ့ အတူ ကျားဖြူပါတီလည်း ပါဝင်တာ ဖြစ်ပါတယ်။
စစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲကို လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောဆိုထားပြီး ပြည်သူတွေကြားမှာလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဘူးလို့ စောင့်ကြည့်လေ့လာသူတွေထံက သိရပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေကတော့ ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ပဋိပက္ခတွေကနေ ထွက်ပေါက်ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
ကျားဖြူပါတီခေါင်းဆောင်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း တယောက်က “ဒါကတော့လေ သူ့ရဲ့ ခန့်မှန်းသုံးသပ်ချက်ပဲ ဖြစ်လိမ့်မယ်ခင်ဗျ။ နံပါတ်တစ် အချက်ပေါ့လေ။ ကျနော် သူ့ပါတီအင်အားပေါ်မှာ ခန့်မှန်းသုံးချင်ပါတယ်။ သူ့လိုပဲ သူနဲ့မတိမ်းမယိမ်းရှိနေတဲ့ ပါတီတွေလည်း အားသွန်ခွန်စိုက် ကြိုးစားနေကြပါတယ်။ ဒီကြားထဲမှာ တသီးပုဂ္ဂလတွေကလည်း တသီးပုဂ္ဂလအလျောက် ကိုယ့်ခွန်ကိုယ့်အားနဲ့ကိုယ် ကြိုးစားနေကြတာပေါ့နော်”လို့ ပြောပါတယ်။
ကျားဖြူပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာသာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး ကိုယ်စားလှယ် ၅၈ ယောက် အနိုင်ရရှိခဲ့ပါတယ်။
ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ပြုလုပ်ဖို့စီစဥ်ထားတဲ့ စစ်ကောင်စီအနေနဲ့ အပိုင်း ၁ ကို လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စတင်ပြုလုပ်တော့မှာပါ။
ဒါပေမဲ့ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုတွေရဲ့ စိတ်ဝင်စားမှု နိမ့်ကျနေတာကြောင့် ရွေးကောက်ပွဲကို ဆန္ဒမဲ လာရောက်ပေးစေဖို့ လှုံ့ဆော်မှုတွေကို မြို့နယ်တချို့မှာ ပြုလုပ်နေပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အသိအမှတ် မပြုဘူးလို့ ထုတ်ပြန်ထားသလို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ် မပြုဖို့ တောင်းဆိုထားပါတယ်။
ဟန်န


