
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရွေးကောက်ပွဲဝင်မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အရေးယူသွားမယ်လို့ ဒီဇင်ဘာ ၁၄ ရက်က သတိပေးထားတယ်လို့ မုံရွာမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
မုံရွာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “အခုလကုန်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ပြုလုပ်တော့မဲ့ အတုအယောင်ရွေးကောက်ပွဲမှာ မုံရွာမြို့နယ်အတွင်းကနေ ပါဝင်ယှဥ်ပြိုင်မဲ့ သူတွေကို အရေးယူနိုင်ဖို့နဲ့ Social Punishment ပြုလုပ်နိုင်ကြဖို့ သတိပေးတဲ့ ဗီနိုင်း၊ ကြော်ငြာဆိုင်းဘုတ်တွေကို မြို့ပေါ်နဲ့ တော်လှန်ရေးအဖွဲ့တွေ လက်လှမ်းမီတဲ့ နေရာတွေမှာ လိုက်ထောင်ခဲ့ကြတာပါ” လို့ ပြောပါတယ်။
အဆိုပါ အသိပေးကြေညာစာတွေကို မုံရွာမြို့နယ် ပကဖ က ဦးဆောင်ပြီး မုံရွာမြို့နယ်ထဲမှာ အခြေစိုက်ကြတဲ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
မုံရွာမြို့နယ် ပကဖ တာဝန်ခံတယောက်က “စစ်တပ်ရဲ့ထွက်ပေါက်ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံချင်ကြတဲ့ နိုင်ငံရေးအောက်တန်းစား ပြည်သူအပေါ် သစ္စာဖောက် လောက်ကောင်တွေကို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ် ဆိုတာကို ကြိုတင်အသိပေးတဲ့အနေနဲ့ အခုလိုပြုလုပ်ခဲ့ကြတာ” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်က ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ရရာနည်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီကတော့ အခုလကုန်ပိုင်းမှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဆန္ဒမဲ လာပေးဖို့အတွက် မြို့နယ်တွေမှာ စည်းရုံးလှုံ့ဆော်မှုတွေကို အရှိန်မြှင့်ပြီး ပြုလုပ်နေပါတယ်။
ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ပြုလုပ်ဖို့စီစဥ်ထားတဲ့ စစ်ကောင်စီအနေနဲ့ အပိုင်း ၁ ကို လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပြုလုပ်တော့မှာပါ။
ဒါပေမဲ့လည်း ရွေးကောက်ပွဲအပေါ် ပြည်သူလူထုတွေရဲ့ စိတ်ဝင်စားမှု နိမ့်ကျနေတာကြောင့် ရွေးကောက်ပွဲကို ဆန္ဒမဲ လာရောက်ပေးစေဖို့အတွက် လှုံ့ဆော်မှုတွေကို မြို့နယ်အချို့မှာ ပြုလုပ်လာတာ ဖြစ်ပါတယ်။
မဲပေးဖို့အတွက် ရက်နီးကပ်လာချိန်အထိ မဲစာရင်း မစစ်ဆေးရသေးသူတွေ စစ်ဆေးဖို့နဲ့ မဲစာရင်းမှာ မှားယွင်းတာတွေရှိပါက အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးသွားမယ်လို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ အသိပေး ကြေညာထားပါတယ်။
နေပြည်တော် တပ်ကုန်းဒေသခံတယောက်က “အခုထိတော့ ကြေညာနေတာပဲ၊ မှတ်ပုံတင်မရှိသေးတဲ့သူတွေ ဆိုရင်လည်း အမြန်လုပ်ပေးမယ်၊ မဲစာရင်းမှားနေတယ်ဆိုရင်လည်း အမြန်ပြင်ပေးမယ်ဆိုပြီး ကြေညာတာပဲ။ ဦးတို့ သွားစစ်တာတော့ မိသားစု ၈ ယောက်မှာ ဦး တယောက်ပဲ ပါလာတယ်။ ကျန်တဲ့သူတွေက ဟိုဘက်ရွာမှာ စာရင်းပါလာတယ် ပြောတယ်။ ပြန်ပြင်မနေတော့နဲ့တဲ့။ ဒီမှာပဲ မဲပေးလို့ရတယ် ပြောတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မှာ ဖြစ်ပြီး အပိုင်း ၂ နဲ့ ၃ ကိုတော့ လာမဲ့ ဇန်နဝါရီလအတွင်း ပြုလုပ်သွားမယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။


